ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ CDM လုပ်မယ်ဆိုပြီး တောင်းဆိုတယ်လို့ မန္တလေး PDFဆို

အောက်တိုဘာ၊ ၃၁
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY PDF) တွေက ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က CDM လုပ်မယ်ဆိုပြီး တောင်းဆိုတာရှိတယ်လို့ အဲဒီအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။
 
” ကျွန်တော်တို့ လက်ရှိဖမ်းမိထားတဲ့ ဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကပေါ့နော် သူတို့ စီဒီအမ်လုပ်ချင်ပါတယ်ဆိုပြီး ကျွန်တော်တို့ကို တောင်းဆိုနေတာတော့ ရှိတယ်။ ဒါပေမယ့် ဒီကိစ္စတွေက ကျွန်တော်တို့ ပြောနေဆိုနေကြတုန်းပဲဗျ ” လို့ အဲဒီအဖွဲ့ ပြောခွင့်ရ ကိုအော်စမွန်က ပြောပါတယ်။
 
အဲဒီတောင်းဆိုမှုနဲ့ပတ်သတ်ပြီး လတ်တလောမှာ ဆုံံးဖြတ်ချက် မရသေးဘူးလို့ ဆိုပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီကို စွန့်ခွာလာသူနဲ့ တော်လှန်ရေးမှာပူးပေါင်းသူ စစ်သား ၃,၂၃၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀,၃၅၆ ဦး ရှိပြီလို့ ပြီးခဲ့တဲ့စက်တင်ဘာ ၇ ရက်က ထုတ်ပြန်ထားပါတယ်။
 
ဒီလ ၂၆ ရက်ကနေ ၃၀ ရက်အထိ ငါးရက်တာကာလအတွင်း ဗိုလ်မှူးအဆင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် တဦး၊ စစ်ကောင်စီဗိုလ်ကြီး တဦး၊ နှစ်ပွင့်ဗိုလ် တဦး၊ တပ်ကြပ်ကြီး နှစ်ဦးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦး စုစုပေါင်း ခုနှစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ မန္တလေး PDF က မနေ့က ထုတ်ပြန်ထားတာပါ။
 
“ လက်ရှိအခြေအနေကတော့ ခုနှစ်ဦး လက်ရဖမ်းဆီးရမိထားတာ ရှိတယ်။ သူတို့ကို ကောင်းမွန်စွာပဲ ထိန်းသိမ်းထားပါတယ်။ တောင်သမန် စစ်ဆင်ရေး ကာလမှာပဲ ဖမ်းဆီးရမိတယ်လို့ ပြောချင်တယ် ” လို့ ကိုအောင်စမွန်က ပြောပါတယ်။
 
ဒါ့အပြင် သူတို့ကိုင်ဆောင်တဲ့ သေနတ်တွေ အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။
 
“ စကစ တပ်ဖွဲ့ဝင်တွေ အားလုံးကိုတော့ ပြည်သူဖက် မျက်နှာမူပြီး ဘက်ပြောင်းဖို့ တိုက်တွန်းချင်တယ်။ ကျနော်တို့ဖက်ကလည်း စီဒီအမ်လုပ်ချင်တဲ့ စစ်သားတွေကို ကြိုဆိုနေမယ်။ ရောက်လာရင်လည်း လုံလုံခြုံခြုံနဲ့ ကောင်းကောင်းမွန်မွန်ထားပါမယ် ” လို့ သူကဆိုပါတယ်။
 
မန္တလေး PDF က ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ နဲ့ အတူ တောင်သမန် စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အနီးတဝိုက်မှာ တအာင်းတပ်မတော် TNLA အဖွဲ့အတူ ပူးပေါင်းပြီး ဆောင်ရွက်နေတာပါ။
 
ဒီလ ၂၉ ရက်က တောင်သမန် စစ်ဆင်ရေးအဖြစ် မန္တလေး PDF နဲ့ တအာင်းတပ်မတော် TNLA ပူးပေါင်းပြီး နောင်ချိုမြို့ ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။
 
အဲဒီ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရုပ်အလောင်း ခုနှစ်လောင်းနဲ့အတူ လက်နက်နဲ့ ခဲယမ်း အများအပြားကို တော်လှန်ရေး အင်အားစုတွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံ မှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ထားပါသေးတယ်။
 
ဓာတ်ပုံ – MDY PDF