အပစ်အခတ် ရပ်စဲဖို့ လုံးဝ စိတ်မဝင်စားကြောင်း အစ္စရေးဝန်ကြီးချုပ် အတိအလင်းဆို

အောက်တိုဘာ၊ ၃၁

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ တောင်းဆိုတာ မှန်သမျှကို လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ညာဟူက ပြောပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ဟားမားစ် ပြောက်ကျား တပ်ဖွဲ့တွေကြား စစ်ပွဲက အရှိန်အဟုန် တရိပ်ရိပ် မြင့်တက်လာတဲ့နောက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက စစ်ဘေးသင့် ပါလက်စတိုင်း ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့အတွက် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ တောင်းဆိုနေကြပါတယ်။

ဒါပေမဲ့ နေတန်ညာဟူကတော့ လောလောဆယ် အခြေအနေမှာ အပစ်အခတ် ရပ်စဲခြင်းဟာ အကြမ်းဖက် ဟားမားစ်အုပ်စုကို အလျှော့ပေးလိုက်တာနဲ့ တူတူပဲဖြစ်ပြီး အစ္စရေးဖက်က လုံးဝ လက်မခံနိုင်ကြောင်း အောက်တိုဘာ ၃၀ မှာ ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်တုန်းက ဟားမားစ်တွေဟာ ဂါဇာ နယ်စပ်ကို ဖြတ်ကျော်ပြီး အစ္စရေး မြို့ရွာတွေကို ကျူးကျော် တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ အစ္စရေးနိုင်ငံ သမိုင်းတလျှောက်မှာ အကြီးကျယ်ဆုံး အကြမ်းဖက် တိုက်ခိုက်ခံရမှုကြီး ဖြစ်လာပါတယ်။

အခုအခါ အစ္စရေးဟာ ဂါဇာကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲနေသလို မြေပြင်ထိုးစစ်ကိုလည်း တဆင့်ချင်းစီ အရှိန်မြှင့်တင်နေပါတယ်။ အစ္စရေး စစ်တပ်ဟာ ဟားမားစ်တွေရဲ့ လက်ထဲကို ရောက်နေတဲ့ ဓားစာခံ ၂၃၀ ဝန်းကျင်ကို ကယ်ဆယ်ဖို့လည်း အစွမ်းကုန် အားထုတ်နေရပြန်ပါတယ်။ 

အပစ်အခတ် ရပ်စဲပါလို့ တောင်းဆိုနေတာဟာ အစ္စရေးက ဟားမားစ်တွေကို အရှုံးပေးလိုက်ပါ၊ တနည်းအားဖြင့် အကြမ်းဖက်သမားတွေဆီမှာ အညံ့ခံလိုက်ပါလို့ ပြောနေတာနဲ့ အတူတူပဲဖြစ်ကြောင်း၊ ဒီကိစ္စမျိုး လုံးဝ ဖြစ်မလာနိုင်သလို အစ္စရေးဟာ စစ်ပွဲကို ခြွင်းချက်မရှိ အလုံးစုံ အနိုင်ရတဲ့ထိ ဆက်တိုက်သွားမှာဖြစ်ကြောင်း နေတန်ညာဟူက ကြုံးဝါးသွားပါတယ်။

အစ္စရေးရဲ့ မဟာမိတ် အမေရိကန်ကလည်း ဂါဇာမှာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ကူညီပေးပို့ရေးကို ထောက်ခံပေမယ့် အပစ်အခတ် ရပ်စဲရေး ကိစ္စကိုတော့ ပယ်ချသွားပါတယ်။ လက်ရှိ အနေအထားမှာ အပစ်အခတ် ရပ်စဲဖို့ ဆိုတာဟာ မှန်ကန်တဲ့ အဖြေဖြစ်တယ်လို့ မယုံကြည်ကြောင်း အိမ်ဖြူတော်ရဲ့ အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဂျွန်ကာဘီက ဆိုပါတယ်။

လက်ရှိမှာ အမေရိကန်ရဲ့ ဦးဆောင် ညှိနှိုင်းပေးမှုအရ အီဂျစ်ဖက်ခြမ်းကနေ ဂါဇာကို ထောက်ပံ့ရေး ပစ္စည်းတွေ အကန့်အသတ်နဲ့ ပို့ဆောင်ပေးနေပေမယ့် တကယ်တမ်း လိုအပ်တဲ့ အတိုင်းအတာ ပမာဏနဲ့ ယှဉ်ရင် နေ့စဉ် ထောက်ပံ့ရေး ထရပ်ကား အစီးရေ ရာနဲ့ချီ ကွာဟနေဆဲဖြစ်ကြောင်း သိရပါတယ်။

 

Ref: CNA