ခင်ဦးမှာ ပျူစောထီးအခြေစိုက်တဲ့ မကျီးတုံကျေးရွာကို PDF တိုက်ခိုက်

အောက်တိုဘာ၊ ၃၀
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျူစောထီးတွေ အခြေစိုက်တဲ့ မကျီးတုံကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေက အောက်တိုဘာ ၃၀ ရက်၊ ဒီကနေ့ မနက် ၅ နာရီခန့်မှာ သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
“ ပျူရွာတော့ သိမ်းနိုင်ခဲ့တယ်။ အထိုင်တော့ မချဘူး။ ပြန်ဆုတ်လာတယ် ” လို့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်တဲ့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
 
အဲဒီကျေးရွာကို ရွှေဘိုခရိုင် တပ်ရင်း (၃) ဦးဆောင်မှုနဲ့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တို့က ဦးဆောင်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အသေအပျောက်အကျဆုံးကိုမှု စိစစ်နေဆဲဖြစ်တာကြောင့် အသေးစိတ်မသိမရသေးဘဲ လက်နက်ငယ် ၁၃ လက်နဲ့ လက်နက်ကြီး သုံးလက် စုစုပေါင်း ၁၆ လက် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
 
သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တိုက်ပွဲနဲ့ ပတ်သတ်ပြီး တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
 
တော်လှန်ရေးအင်အားစုတွေဟာ ပျူစောထီးအခြေစိုက်ကျေးရွာဖြစ်တဲ့ မကျီးတုံကျေးရွာကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပျူစောထီးနေအိမ်တွေကိုလည်း သုံးနေရာ ခွဲကာမီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်က စစ်ကူတွေ အဲဒီရွာကို ရောက်ရှိလာတဲ့အတွက် အနီးအနားကျေးရွာတွေက ဒေသခံတွေပါ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media