အောက်တိုဘာ၊ ၃၀
ဟားမားစ် တာဝန်ရှိသူတွေကို ရုရှား အစိုးရက လက်ခံ တွေ့ဆုံခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ အစ္စရေးက ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။
အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက်မှာ အစ္စရေး နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးကို ဆင့်ခေါ်ပြီး အတိအလင်း ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ဟားမားစ် အရာရှိတွေကို မော်စကိုမှာ လက်ခံတွေ့ဆုံခဲ့တဲ့ လုပ်ရပ်ဟာ အစ္စရေး နိုင်ငံအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်း တခုကို အသိအမှတ်ပြုတဲ့ အဓိပ္ပါယ် ဖြစ်နေတယ်လို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက အတိအလင်း အရေးဆိုခဲ့ပါတယ်။
နောက်ပြီး အစ္စရေးကို ဟားမားစ်တွေက ကျူးကျော် တိုက်ခိုက်ခဲ့မှုကို ရုရှားက တိတိကျကျ ရှုတ်ချဖို့ ပျက်ကွက်နေတဲ့အပေါ် အစ္စရေး အစိုးရ အနေနဲ့ ရှင်းရှင်းလင်းလင်း သဘောထား သိရှိလိုတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ယူရေးရှား ဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဆိုင်မိုနာ ဟယ်လ်ပါရင်က ရုရှား သံအမတ် အနာတိုလီ ဗစ်တိုရော့ဗ်ကို ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရုရှားရဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ဟားမားစ် ကိုယ်စားလှယ်တွေကို မော်စကိုမှာ လက်ခံ တွေ့ဆုံပြီး လက်ရှိ ဖြစ်ပွားနေတဲ့ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲကိစ္စ ဆွေးနွေးခဲ့တဲ့အပေါ် အစ္စရေးဖက်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၇ ရက်မှာ ဟားမားစ်တွေက အစ္စရေး နယ်စပ်မှာရှိတဲ့ မြို့ရွာတွေကို အလစ်အငိုက် စီးနင်းတိုက်ခိုက်မှုကြောင့် အစ္စရေးဖက်မှာ ၁၄၀၀ ကျော် သေဆုံးပြီး ၂၀၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီး ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး စစ်ပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးရဲ့ လက်တုံ့ပြန်မှုကြောင့် ဂါဇာမှာလည်း ပါလက်စတိုင်း ၇၀၀၀ ကျော် သေကြေ ပျက်စီးခဲ့ပြီး ဖြစ်သလို အစ္စရေးက နောက်ထပ် ထိုးစစ်အရှိန် ထပ်မြှင့်ဖို့ လုပ်ဆောင်နေပါတယ်။
အောက်တိုဘာ ၇ ရက်မှာ အစ္စရေး ၁၄၀၀ ကျော်ကို သတ်ဖြတ်ပြီး နောက်ထပ် ဓားစာခံ အများအပြားကို ပြန်ပေးဆွဲခဲ့တဲ့ ဟားမားစ် ခေါင်းဆောင်တွေကို ဧည့်ခံ တွေ့ဆုံတယ် ဆိုတာဟာ အစ္စရေးအပေါ် အကြမ်းဖက်မှု ကျူးလွန်သူတွေကို တရားဝင် အသိအမှတ်ပြုတယ်ဆိုတဲ့ သတင်းစကားမျိုးလို့ ယူဆနိုင်ကြောင်း ဟယ်လ်ပါရင်က ဗစ်တိုရော့ဗ်ကို ပြောကြားခဲ့ပါတယ်။
ရုရှားဖက်ကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး တိတိကျကျ မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ ရုရှားဟာ ဟားမားစ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ထူထောင်ထားပြီး ဂါဇာအခြေစိုက် ပါလက်စတိုင်း လက်နက်ကိုင် တပ်ဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်း တခု အနေနဲ့လည်း သတ်မှတ်မထားပါဘူး။ ဟားမားစ်တွေ ဖမ်းဆီးသွားတဲ့ ဓားစာခံတွေထဲမှာ ရုရှားနိုင်ငံသား တချို့လည်း ပါဝင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
Ref: Times of Israel