စစ်သုံးအဆင့် လက်နက်တွေ တင်ပို့မှု မူဝါဒတွေ ပိုမိုတင်းကျပ်ဖို့ ထိုင်းအစိုးရ စီစဉ်

အောက်တိုဘာ၊ ၃၀

စစ်သုံးအဆင့် လက်နက်တွေနဲ့ စစ်ဘက်-အရပ်ဖက် နှစ်မျိုးသုံးနိုင်တဲ့ ပစ္စည်းကိရိယာတွေနဲ့ ပတ်သက်တဲ့ တင်ပို့ရောင်းချမှု မူဝါဒတွေကို ပိုမို တင်းကျပ်သွားမယ်လို့ ထိုင်းအစိုးရက အတည်ပြုခဲ့ပါတယ်။

စီးပွားရေး ဝန်ကြီးဌာန လက်အောက်ခံ ပြည်ပကုန်သွယ်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ရိုနာရောင် ဖူလ်ပီပတ်က ဖျက်ဆီးအား ပြင်းထန်တဲ့ စစ်သုံးအဆင့် လက်နက်တွေ (WMD)နဲ့ စစ်ဘက်-အရပ်ဖက် နှစ်မျိုးစလုံး အသုံးပြုနိုင်တဲ့ ပစ္စည်းကိရိယာ (DUI)တွေ ထုတ်လုပ်မှုနဲ့ တင်ပို့မှုတွေကို တင်းကျပ်သွားမယ်လို့ အောက်တိုဘာ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာမှာ ပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေကို အကြောင်းပြုပြီး အခု ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်ကြောင်း၊ ဒါဟာ ထိုင်းက ထုတ်လုပ်တဲ့ စစ်လက်နက်နဲ့ ဆက်စပ် ပစ္စည်းတွေအပေါ် နိုင်ငံတကာ ယုံကြည် စိတ်ချမှု ပိုမို မြှင့်တင်နိုင်အောင်လည်း ရည်ရွယ်ကြောင်း သူက ဆိုပါတယ်။ 

ဒေသတွင်းမှာရော၊ ကမ္ဘာတလွှားမှာပါ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေဟာ ထိုင်းအပါအဝင် နိုင်ငံအများအပြားရဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေး ကဏ္ဍတွေအပေါ် ဆိုးကျိုးသက်ရောက် ထိခိုက်စေကြောင်း၊ အကျိုးဆက် အနေနဲ့ ထိုင်းနိုင်ငံဟာ WMDနဲ့ DUIတွေ ထုတ်လုပ်မှု၊ တင်ပို့မှုတွေကို စနစ်တကျ ကန့်သတ်ပြီး တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ရိုနာရောင်က Bangkok Post သတင်းစာကို ပြောကြားခဲ့ပါတယ်။

အဲဒီလို ကန့်သတ်လိုက်ခြင်းက အရပ်ဖက် စီးပွားဖြစ် အသုံးပြုဖို့ ရည်မှန်းချက်နဲ့ တင်ပို့ထားတဲ့ ထုတ်ကုန်တွေကို စစ်ရေးအရ အသုံးချနေတာတွေအပေါ် ပိုမို ဟန့်တားလာနိုင်မှာ ဖြစ်တယ်လို့လည်း ရိုနာရောင်က မှတ်ချက် ပေးခဲ့ပါတယ်။ အထူးသဖြင့် ဒေသတွင်းက စစ်ပွဲတွေနဲ့ ပဋိပက္ခတွေမှာ အဲဒီလို ရောနှော အသုံးချနေတဲ့ ကိစ္စတွေကို ပိုပြီး ထိထိရောက်ရောက် တားဆီးနိုင်မယ်လို့ သူက ဆက်ပြောပါတယ်။

သတ်မှတ်ချက် အသစ်တွေအရ WMDနဲ့ DUIအဆင့် ထုတ်ကုန်တွေအပေါ် စီးပွားရေး ဝန်ကြီးဌာနက လုံးဝဥဿုံ စီမံကြီးကြပ် စောင့်ကြည့်ဖို့ လုပ်ပိုင်ခွင့်မျိုး ရှိလာမှာ ဖြစ်ပါတယ်။ ရိုနာရောင်က ကနဦး အဆင့်အဖြစ် လိုင်စင်ထုတ်ပေးမှု စည်းမျဉ်းတွေကို စတင် အကောင်အထည် ဖော်ရမှာဖြစ်ပြီး တင်ပို့ရောင်းချမှု လုပ်ငန်းတွေဟာ လုပ်ထုံးလုပ်နည်း အသစ်တွေနဲ့ အကျွမ်းဝင်အောင် အတိုင်းအတာ တခုထိ အချိန်ယူရနိုင်တယ်လို့လည်း ထောက်ပြသွားခဲ့ပါတယ်။

 

Ref: Bangkok Post