သီတင်းကျွတ်လပြည့်နေ့ လည်ပတ်သူများလို့ ဦးပိန်တံတားကျိုး

အောက်တိုဘာ၊ ၂၉
 
မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာရှိတဲ့ ဦးပိန်တံတား‌‌ပေါ် သီတင်းကျွတ်လပြည့်နေ့မှာ လာရောက်လည်ပတ်သူ အများအပြားရှိတာကြောင့် နေ့လယ်ပိုင်းမှာ ဦးပိုင်းတံတားရဲ့‌ အရှေ့ဘက်မှာရှိတဲ့ တံတားနှစ်ကန့် ကျိုးကျခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
 
“ သီတင်းကျွတ်လပြည့်ဆိုတော့ သိတဲ့အတိုင်းပဲလေ။ အထိမ်းမှတ်နေ့ဆိုတော့ သမိုင်းဝင်နေရာတွေ၊ ဘုရားတွေကို သွားလည်တာ ပုံမှန်ပါပဲ။ တံတားကလည်း ဟောင်းနေပြီဆိုတော့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ပုံစံမျိုးပေါ့ “ လို့ အမရပူရ ဒေသခံတ‌ဦးက ပြောပါတယ်။
 
အဲဒီလို တံတားကျိုးကျတာကြောင့် ရေထဲပြုတ်ကျသွားတဲ့ အလည်အပတ်လာရောက်သူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ရှစ်ဦး ဒဏ်ရာအနည်းငယ် ရရှိသွားတယ်လို့ မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာနက ရေးသားထားပါတယ်။
 
“ အရင်ကဆို အဲဒီ့ဦးပိန်တံတားမှာ ပွဲတွေဘာတွေ လုပ်ကြသေးတယ်။ ခုနောက်ပိုင်းမှ တံတားက ဟောင်းလာတာလည်း ပါတယ်။ အရင်နေ့တွေကတောင် တံတားနားမှာ အမရပူရဘုရားပွဲတခုတောင် လုပ်သေးတယ်လေ ” လို့ အဲ့ဦးပိန်တံတားနားမှာနေတဲ့ ဒေသခံက DNA ကိုပြောပါတယ်။
 
တံတားပြိုကျအချိန်တွင် ကူညီကယ်ဆယ်ရေးအဖွဲ့များ လာရောက်ကူညီခဲ့ပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေးတိုင်းဒေသကြီးကော်မတီကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားလာခြင်း မရှိသေးပါဘူး။
 
ဦးပိန်တံတားကို အမရပူရမြို့ဟောင်းနဲ့ ရတနာပုံတက္ကသိုလ်ကို ဆက်သွယ်ဆောက်လုပ်တဲ့ တံတားတခုဖြစ်ပြီး ကမ္ဘာ့အရှည်ဆုံး ကျွန်းတံတားတခုဖြစ်ကာ ၁ ဒဿမ ၂ကီလိုမီတာ (၀ ဒဿမ ၇၅ မိုင်) ရှည်လျားတဲ့ ကျွန်းတံတားတခုလည်း ဖြစ်ပါတယ်။
 
ဒါ့အပြင် ဦးပိန်တံတားဟာ ခြေလျင်လျောက်တံတားတခုဖြစ်ပြီး ၁၈၄၉ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ကာ ၁၈၅၁ ခုနှစ်မှာ ဆောက်လုပ်ပြီးဆုံးခဲ့ပြီး ၁၇၂ နှစ်သက်တမ်းရှိတဲ့ တံတားတခုလည်း ဖြစ်ပါတယ်။
 
ဦးပိန်တံတားမှာ တိုင်ပေါင်း ၁၀၈၆ တိုင်ရှိပြီး ကန့်ပေါင်း ၄၈၂ ကန့်ရှိကာ အရှေ့အာရှမှာ သက်တန်းအရှည်ဆုံး နဲ့ ‌ရှေးအကျဆုံး သစ်သားတံတားတခုလည်း ဖြစ်ပါတယ်။
 
ဓာတ်ပုံ – Social Media