ရှမ်းမြောက်တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပြီး ကယ်ဆယ်ရေးလုပ်ဖို့ ခက်ခဲနေ

အောက်တိုဘာ ၊ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေအတွင်းအရပ်သားတွေနေထိုင်ရာဒေသတွေထဲလက်နက်ကြီးကျပေါက်ကွဲတာ၊နှစ်ဖက်တိုက်ပွဲဖြစ်ချိန်ပစ်ခတ်မှုတွေကြောင့်အရပ်သားတွေထိခိုက်သေဆုံးတာတွေရှိနေပြီး ကယ်ဆယ်ရေး လုပ် ငန်းတွေလုပ်ဖို့ခက်ခဲနေတယ်လို့လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်၊နမ့်ခမ်း၊ ကွတ်ခိုင်နဲ့ လားရှိုးမြို့နယ်တို့အတွင်း လက်နက်ကြီးကျည်ထိမှန်လို့ သေဆုံး၊ဒဏ်ရာ ရသူတွေ ရှိနေပြီး အရေအတွက်ကိုတော့ မသိနိုင်သေးပါဘူး။

“မနေ့က လူနာသွားကောက်တာတောင် ကောက်လို့မရဘူး၊လူနာဆီရောက်ခါနီးမှ တိုက်ပွဲဖြစ်လို့ ပြန်လှည့်ပြေး လာရတယ်”လို့ လောက်ကိုင်ဒေသခံ လူမှုကူညီရေးလုပ်နေသူတဦးက DNA ကို ပြောပါတယ်။

လောက်ကိုင်နဲ့ချင်းရွှေဟော်ကြား မာလီချူးဝါးရွာအနီးမှာ မနေ့က စစ်ကောင်စီတပ်နဲ့ MNDAAတို့တိုက်ပွဲအတွင်း လမ်းခင်းလုပ်သားလေးဦးဒဏ်ရာရထားတာကြောင့် သွားကယ်ခဲ့ပေမယ့် ထိခိုက်ထားသူလေးဦးထဲက တဦးကိုပဲ ခေါ်နိုင်ခဲ့တယ်လို့ သူကရှင်းပြပါတယ်။

“ဟိုသုံးယောက်က ဒဏ်ရာရတာလား၊သေတာလား မသိရဘူး။ပိတ်မိနေသူတွေကိုသွားခေါ်ဖို့ ချင်းရွှေဟော် ဘက် ကို ဖုန်းဆက်တာလည်း မရဘူး”လို့ လောက်ကိုင်ဒေသခံ လူမှုကူညီရေးလုပ်ကိုင်သူက ပြောပါတယ်။

ဒါ့အပြင် လားရှိုးမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးကျည်တွေ၊ လက်နက်ကြီးတွေ ဆက် တိုက်ပစ်ခတ်နေတာကြောင့် အရပ်သားတချို့ ထိခိုက်၊ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပေမယ့် အရေအ တွက်ကိုတော့ အတည်ပြုလို့ မရသေးပါဘူး။

“မနေ့ညက တော်တော်ပစ်တယ်၊အိပ်လို့တောင် မရဘူး။ သေတာတွေလည်း ရှိတယ်ကြားတယ်”လို့ လားရှိုးဒေသ ခံတဦးက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာတဲ့ လူဦးရေ တထောင်ကျော်လောက်လည်း လက်ရှိလားရှိုး မြို့ ပေါ်မှာ ခိုလှုံနေထိုင်နေကြတယ်လို့ လားရှိုးမြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

“အဓိကတော့ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေက လူတွေကို သွားခေါ်ထားတာပါ” လို့ သူကပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်တွေကိုလားရှိုးမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကားတွေနဲ့ သွားရောက် ခေါ် ဆောင်ပြီး လားရှိုးမြို့ပေါ်က မန်ဆူ ရှမ်းဘုန်းကြီးကျောင်းမှာ လက်တလောနေထိုင်နိုင်ဖို့ စီစဉ်ပေးထား တယ်လို့ သူကပြောပါတယ်။

 “ စစ်ရှောင်တွေဆိုရင် အဲဒီကျောင်းမှာပဲ အမြဲတမ်းထားတာပေါ့၊ဆရာတော်ကလည်း စားဖို့ သောက်ဖို့ စီစဉ်ပေး တာလည်းရှိသလို အလှူရှင်တွေ လှူဒါန်းတာတွေနဲ့ ကျွေးမွေးပေးနေတာလည်း ရှိတယ် ” လို့ သူကဆက် ပြောပါတယ်။

လားရှိုး – မိုင်းယော် သွားကားလမ်းဘက်ရှိ  မန်မွမ်း၊ ကုန်ဆာ၊ မက်ချီနု ၊ တာပုံ စတဲ့ ကျေးရွာတွေက ဒေသခံတွေ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

“အိမ်တော့ နည်းနည်းထိသွားတယ်၊လူမထိဘူး၊တအိမ်ကအမိုးထိသွားတယ်၊တအိမ်ပြင်ရမယ် မပြင်ရင်နေမရဘူး “ လို့ မန်ဆူဘုန်းကြီးကျောင်းမှာခိုလှုံနေတဲ့ တာပုံ ဒေသခံ စစ်ရှောင်အမျိုးသမီး တဦးက သူတို့ရွာထဲ လက်နက်ကြီး ကျခဲ့တဲ့အခြေအနေကို ပြောပြပါတယ်။

အလားတူ စစ်ကောင်စီနဲ့MNDAA တပ်တွေ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေတဲ့ချင်းရွှေဟော်မြို့တဝိုက် ကျေးရွာ တွေက ဒေသခံတွေဟာလည်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးနေ ကြရပြီး ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

“တရုတ်ပြည်ဘက်ပြေးတဲ့သူ ပြေးကြတယ်၊ ချင်းရွှေဟော်မြို့ထဲမှာ ရှိတယ်ကြားပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ အခုလည်း ပစ်နေတယ်” လို့ လောက်ကိုင်ဒေသခံတဦးက DNA ကို ပြောပါတယ်။

လက်ရှိတိုက်ပွဲ ပြင်းထန်နေတဲ့ သိန္နီဒေသမှာတော့ စစ်ဘေးရှောင်တွေ ရှိ၊ မရှိ မသိရသေးပါဘူး။ သန္နီအပါအ၀င် မူဆယ်၊ ၁၀၅ မိုင်၊ နန့်ဖက်ကာ ဒေသတွေမှာ MPT ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ မူဆယ်ဒေသခံတဦးက ပြောပါတယ်။

နမ့်ခမ်း၊ သိန္နီ၊ လောက်ကိုင်၊ မုံးကိုးဒေသတွေဘက်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးအထိုင်စခန်းတွေဆီကနေ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။

“မနေ့ကတနေ့ခင်းလုံး၊တညလုံးပစ်တယ်။ မနက်လေးနာရီလောက်ကျတော့ ရပ်သွားပြီး အခု မြို့ထဲကနေ ချင်းရွှေ ဟော်ဘက်ကို ထပ်ပစ်နေတယ်၊ကျွန်တော်တို့မှာ ပြေးစရာလမ်းကလည်း မရှိဘူး၊အကုန် ပိတ်နေတာ”လို့ လောက် ကိုင်ဒေသခံ နောက်တဦးက ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့(MNDAA)၊ တအာင်းတပ်ဖွဲ့(TNLA)နဲ့ ရခိုင့်တပ်တော်(AA)တို့ သုံးဖွဲ့ဟာ ၁၀၂၇ လို့ အမည်ပေးထား တဲ့ စစ်ဆင်ရေးကို မနေ့က မနက်က စတင် ဖော်ဆောင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အများစုက စစ်ကောင် စီတပ်စခန်း၊ စစ်ဆေးရေးဂိတ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကြတာပါ။

အဲဒီတိုက်ပွဲတွေအတွင်း လားရှိုး၊ နမ့်ခမ်း၊ ဟိုပန်ဒေသ၊ ကွမ်းလုံ၊ မုံးကိုးဒေသတွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း အမြောက်အများကို သိမ်းပိုက်ရရှိခဲ့ပြီး ချင်းရွှေဟော်ဒေသတခုလုံးကို ထိမ်းချုပ်ထားနိုင်ပြီ လို့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo- social media