ကော့ကရိတ် တိုက်ပွဲ ပိုပြင်းထန်လာပြီး ဒေသခံရာဂဏန်း ထွက်ပြေးတိမ်းရှောင်နေရ

အောက်တိုဘာ ၊ ၂၈

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တိုက်ပွဲဟာ ဒီကနေ့ပိုမိုပြင်း ထန်လာပြီး ဒေသခံ ရာဂဏန်းလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲကတော့ မနက်ကတည်းကဖြစ်တာ၊ စစ်ရေးက မနေ့ကထက်စာရင် ဒီနေ့က ပိုပြီးပြင်းထန်လာတယ်၊ သူ တို့လည်း အင်အားထပ်ဖြည့်ထားတာ၊ မြို့ထဲအထိ ဖြစ်နေပြီး အခြေအနေက ပိုဆိုးလာပြီပေါ့” လို့ အဲ့ဒီတိုက်ပွဲ မှာပါဝင်တိုက်ခိုက်နေတဲ့ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၅ ပြန်ကြားရေးတာဝန်ခံက DNAကို ပြောပါတယ်။

ကော့ကရိတ်မြို့ပေါ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နေရာတွေကို ဒီကနေ့ အောက်တိုဘာလ ၂၈ ရက် မနက် ၈ နာရီလောက်မှာ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ(၂)၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၅)၊ ဒရုန်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာက နှစ်ဖက်အပြန်အလှစ်ပစ်ခတ်မှု ဖြစ်ပွားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ တိုက်ပွဲအခြေအနေနဲ့ နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ကျားဖြူစစ် ကြောင်းတပ်ခွဲ ၅ ပြန်ကြားရေးက ဆိုပါတယ်။

ကော့ကရိတ်မြို့ခံတွေကတော့ ဒီကနေ့ မနက်ပိုင်းကစလို့ ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက် စစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ အမှတ်(၇)ရပ်ကွက်၊ ကြာအင်းကုန်နဲ့ မြို့ပေါ်ရပ်ကွက်တချို့မှာ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံ တွေကို စကြားရတယ်လို့ဆိုကြပါတယ်။

“အခုနေ့လယ် နည်းနည်ငြိမ်သွားပေမယ့်ပစ်ခတ်သံတွေ ကြားရနေရတုန်းပဲ၊ မြို့ထဲသွားလာပြီး ကြည့်ဖို့ကလည်း ဘယ်သူမှ အပြင် မထွက်ရဲဘူး၊မြို့ပေါ်မှာ အားလုံးက တိတ်ဆိတ်နေတာပဲ” လို့ ကော့ကရိတ်မြို့ခံတဦးက ပြောပါ တယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတာကြောင့် မြို့နေပြည်သူတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာအနီး ပတ်ဝန်း ကျင်မှာ နေထိုင်တဲ့ ဒေသခံပြည်သူသုံးရာနီးပါး ဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဆွေးမျိုးနေအိမ်တွေဘက်ကို သွားရောက်တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုပြည်သူတွေ ယာယီတိမ်းရှောင်နေကြတဲ့ ဘုန်းတော်ကြီးကျောင်းတွေထဲကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင် နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့တွေက အကာအကွယ်ယူကာ ဝင်ရောက်နေရာယူတပ်စွဲထားတယ်လို့လည်း ဆိုပါတယ်။

“အခု တောင်ပေါ်ကျောင်းမှာ မြို့ခံတွေ အများကြီး ရှောင်နေတာရှိတယ်၊ အဲဒီနေရာကို ညက စစ်တပ်ဘက်က တပ်စွဲထားတာ၊ အဲဒီမှာ ရှိနေတဲ့သူတွေကို အပြင်လည်း မပေးထွက်ဘူး၊ဓားစာခံပုံစံလုပ်ထားသလိုပဲ”လို့ အဲဒီ မြို့ခံက ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေရတဲ့ပြည်သူတွေ စားသောက်ဖို့အတွက် အပြင်ထွက် သွား လာပြီး ဈေးဝယ်ယူဖို့အခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး မနေ့ကယာယီပိတ်လိုက်ရပေမယ့် ဒီကနေ့ မနက် ပိုင်းမှာတော့ ပြန်လည်သွားလာခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ခရီးသည်တင်ယာဉ်မောင်းနှင်သူတွေက ဆိုပါ တယ်။

လက်ရှိအခြေအနေအတိုင်း နှစ်ဖက်စစ်ရေးဆက်ပြင်းထန်နေမယ်ဆိုရင် မြဝတီ-ကော့ကရိတ်အာရှလမ်းမ ကြီးတွေ ကို သုံးရက်လောက်ယာယီပိတ်ထားဖို့ စစ်ကောင်စီဘက်က စီစဉ်နေတယ်လို့လည်း အဲ့ဒီလမ်းပိုင်းအသုံးပြု တွေ ကြားသတင်းထွက်နေပါတယ်။

“ပြန်လာတုန်းက ဂိတ်မှာ ရှိနေတဲ့ စစ်သားတွေ ပြောနေကြတာ၊ ဘယ်နေ့ဘယ်ရက်မှာ ပိတ်မှာနဲ့ ဟုတ် မဟုတ် ကတော့ သေချာမပြောတတ်ဘူးပေါ့၊ ဒီကနေ့မနက်တော့ ပုံမှန်ပဲ သွားလာနေကြတာပဲ” လို့ မြဝတီ- အာရှလမ်းမှာ ခရီးသည်တင်ယာဉ်မောင်းနှင်သူတဦးက ပြောပါတယ်။

မနေ့က ကော့ကရိတ်မြို့ပေါ်တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က တပ်ကြပ်ကြီးတဦး သေဆုံးတာကို အတည် ပြု နိုင်ပြီး တခြားထိခိုက်သေဆုံးဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ငါးဦး မစိုးရိမ်ရဒဏ်ရာ ရခဲ့တယ်လို့ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၅ ပြန် ကြားရေး တာဝန်ခံက ပြောပါတယ်။