ရှမ်းမြောက်ထိုးစစ်စပြီးနောက် တရုတ်-မြန်မာ ကုန်သွယ်ရေးရပ်တန့်

အောက်တိုဘာ ၊ ၂၈

တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းမှာ အဓိကျတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်နှစ်နိုင်ငံကုန်သွယ်မှုတွေရပ်တန့်သွားတယ်လို့ နယ်စပ် ကုန်သွယ်ရေးလုပ်ကိုင်နေသူတွေကပြောပါတယ်။

လက်ရှိတရုတ်ပြည်ကို ကုန်သွယ်မှုအရ အများဆုံး ဝင်ထွက်နေတဲ့ မြို့ချင်းရွှေဟော်ကို စစ်ကောင်စီတပ်တွေ ပြန် လည် မထိန်းချူပ်နိုင်တော့ရင် ကုန်သွယ်ရေးဆက်လက်ရပ်တန့်နေနိုင်တယ်လို့လုံခြုံရေး အရအမည်မဖော်လိုတဲ့ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းရှင်တဦးက သုံးသပ်ပါတယ်။

“ကုန်သွယ်ရေးက ထိခိုက်တာမဟုတ်ဘူး၊ချင်းရွှေဟော် မရရင် ရပ်တန့်သွားမယ်၊အဓိကဝင်နေတာက တရုတ်ကုန် သွယ်ရေးက ချင်းရွှေဟော်က ဝင်နေတာ ” လို့ သူကဆိုပါတယ်။

“၁၀၂၇ စစ်ဆင်ရေး”နဲ့ စစ်ကောင်စီကိုထိုးစစ်ဆင်နေတယ်လို့ ကြေညာထားတဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ထဲက ကိုးကန့်တပ်MNDAAက တရုတ်ပြည်ဝင်ပေါက် ချင်းရွှေဟော်မြို့ရှိ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ပြီး မြို့ကို အလုံးစုံ ထိန်းချူပ်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းမှာရှိတဲ့ သိန္ဒီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ဟိုပင် သွားတဲ့ ပြည်ထောင်စု လမ်းမကြီးတလျှောက်လုံး တိုက်ပွဲတွေဖြစ်နေတဲ့အတွက် သွားလာလို့ မရတော့ဘူးလို့ အထက်ပါလုပ်ငန်းရှင်ကပြောပါတယ်။

“တရုတ်ဝင်ပေါက်ကချင်းရွှေဟော်ပဲ၊သူက ချင်းရွှေဟော်နဲ့ဆိုရင် တံတားတစင်းခြားတာ၊အဲ့ဒါကူးလိုက်ရင် တရုတ်ပြည်ဖြစ်သွားတယ်၊သူကကပ်နေတာပေါ့၊နောက်ထပ် ဝင်ပေါက်ကျတော့ လောက်ကိုင်ကနေ ဆယ်မိုင် ကျော်လောက်သွားရတဲ့ နမ့်စန်ပေါ့နော်၊အဲ့ကျတော့လည်း လောက်ကိုင်ကနေ ချင်းရွှေဟော်ပဲ လမ်းကြောင်း ပြန်ဆင်းရမှာဆိုတော့ မဖြစ်နိုင်သေးဘူး ” လို့ သူကပြောပါတယ်။

ကိုးကန့်တပ်က ချင်းရွှေဟော်ဖက်ကို လာတဲ့ ဟိုပန်မြို့ သိန္ဒီ-ကွမ်းလုံ-ဟိုပန်-မိုင်းမော လမ်းပေါ်ရှိ နမ့်တိမ်တံတား ကိုဖောက်ခွဲဖျက်ဆီးထားတာကြောင့် လက်ရှိမှာ ချင်းရွှေဟော်ဘက်ကနေ ပြန်ဆင်းလာဖို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားပြီလို့ ဒေသခံ တွေကဆိုကြပါတယ်။

ဒါ့အပြင် သိန္ဒီ၊ နမ့်ဖက်ကာ၊ ကွတ်ခိုင်၊ မူဆယ် လမ်းကြောင်းက သွားလာလို့ ရနေသေးပေမယ့် လမ်းကြောင်း အရ လုံခြုံမှုမရှိတဲ့အတွက် သွားလာသူနည်းပါးနေသေးသလို ကုန်တင်ကားတွေ သွားလာမှုမရှိသလောက် ဖြစ်နေတယ်လို့သိရပါတယ်။

“မူဆယ်တပေါက်တော့ရှိသေးတာပေါ့နော်၊ဒါပေမယ့်လည်း အခုလောလောဆယ်က သိန္နီက တက်သွားရင် ကွတ်ခိုင်၊နမ့်ဖက်ကာ၊မူဆယ်  ၁၀၅ မိုင်ပေါ့ အဲလမ်းကြောင်းကတော့ ကြောက်တော့ ကြောက်ရမယ် အသွား အလာတော့ နည်းနည်း ရှိတယ်ပြောရမယ်” ဒေသခံလုပ်ငန်းရှင်တဦးကပြောပါတယ်။

 ကိုးကန့်တပ် MNDAA ကတော့ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် ပြည်ထောင်စု လမ်းမကို အရေးပေါ် ပိတ်လိုက်ပြီး ဖြတ်သန်းသွားလာခွင့်မပြုဖို့နဲ့ မလိုက်နာရင် ရန်သူ့သယ်ယူပို့ဆောင်ရေး ယာဉ်တန်းအဖြစ် သတ် မှတ်ပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်ချေမှုန်းမယ်လို့  မနေ့ကထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက် မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းဟာ အခုတိုက်ပွဲတွေမတိုင်ခင်ကတည်းက တအာင်းအမျိုး သား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေကြောင့် ကုန်သွယ်မှုအတွက် အဆင် မပြေဖြစ်နေတာကြာပြီလို့ တရုတ်ပြည်ဘက်ကို သီးနှံတွေကို ပို့ဆောင်နေသူ တဦးကပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လမ်းကြောင်းတလျှောက်လုံး စစ်ဆေးဂိတ်ကလည်း နည်းတာမဟုတ်ဘူး၊ အဖွဲ့ အစည်းတွေ လက်နက်ကိုင်တွေနဲ့ အဆင်ပြေမှသာ သွားဖြစ်တဲ့သဘောဆိုတော့ ကုန်သည်တွေ အဆင်မပြေကြဘူး ” လို့ သူကဆိုပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းကတဆင့် တရုတ်ပြည်ကို ကုန်သွယ်ဖို့ သွားလာနေတဲ့ ယာဉ်ကြီးတွေအနေနဲ့ ကားလမ်းတွေ ပိတ်ဆို့နေသေးတဲ့အတွက် ရောက်ရာအရပ်မှာ ရပ်နားထားရသလို ပုပ်သိုးလွယ်တဲ့ ကုန်စည် ပစ္စည်း တွေတင်ဆောင်ထားသူတွေ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ မူဆယ်မြို့ကိုရောက်နေတဲ့ ကုန်ကားမောင်းသူ တဦးက ပြောပါတယ်။

“တက်မရဘူး ဆိုတော့ အခြေနေ ကြည့်တုန်းပေါ့ဗျာ၊ကုန်မပါဘဲ ပြန်လည်း မဆင်းရဲဘူး၊ချောဆွဲခံရမှာလည်း ကြောက်ရသေးတယ်” လို့ သူကဆိုပါတယ်။

ကိုဗစ်ကာလနဲ့ အာဏာသိမ်းကာလအစောပိုင်းတွေမှာ တရုတ်-မြန်မာ  ကုန်သွယ်မှုပမာဏလျော့ကျခဲ့ပေမယ့် ၂၀၂၂ ခုနှစ် ဧပြီလကနေ အခုနှစ် ဖေဖော်ဝါရီလအထိ တနှစ်နီးပါးကာလမှာတော့ ပြန်လည်မြင့်တက်လာကာ အ မေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ကုန်သွယ်ရေးဌာနစာရင်းတွေအရသိရပါတယ်။

အခုနှစ် နှစ်လယ်ပိုင်းလောက်ကစလို့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေရှိရာ မူဆယ်၊လားရှိုးစတဲ့ ရှမ်းမြောက်ဒေသ တွေအတွင်း တအာင်းတပ် TNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်တိုက်ဖြစ်ခဲ့ကြသလို မနေ့ကတော့ ပိုမို ကျယ်ပြန့်တဲ့ ထိုးစစ်တရပ်ကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကစတင်ခဲ့တာဖြစ်ပါတယ်။

နှစ်နိုင်ငံကုန်သွယ်မှုအတွက်အရေးပါတဲ့လမ်းကြောင်းတွေရှိနေသလို နယ်နိမိတ်ထိစပ်ဒေသတွေလည်းဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လတ်တလောတိုက်ပွဲတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တိုက်ခိုက်မှုတွေရပ်တန့်ကြဖို့မနေ့ကတိုက်တွန်းပြောဆိုထားပါတယ်။