အောက်တိုဘာ ၊ ၂၈
အသက်အရွယ် ကြီးရင့်ချိန်အထိ အိမ်ခွဲမနေဘဲ သူ့လုပ်စာ ထိုင်စားနေတဲ့ သားနှစ်ယောက်ကို နှင်ချဖို့ အီတလီ အဖွားအို တဦးရဲ့ တရားရုံးမှာ လျှောက်ထားမှု အနိုင်ရသွားခဲ့ပါတယ်။
အီတလီ မီဒီယာတွေက တရားလိုဟာ အသက် ၇၅ နှစ်အရွယ် အမျိုးသမီး တဦးလို့သာ ဖော်ပြခဲ့ပြီး နာမည်ကိုတော့ မရေးသားခဲ့ကြပါဘူး။ အဲဒီ အမျိုးသမီးကြီးဟာ အီတလီ မြောက်ပိုင်းက ပါဗီယာမြို့မှာ နေထိုင်ပြီး အသက် ၄၀ နဲ့ ၄၂ နှစ်အရွယ် သားနှစ်ဦးက သူ့ကို မှီခို နေထိုင်နေကြတယ်လို့ ဆိုပါတယ်။
သားတွေက အရွယ်ရောက်လာတဲ့ထိ အိမ်ခွဲ မနေဘဲ သူ့ဝင်ငွေကိုပဲ မှီခိုနေတာကြောင့် စိတ်ရှည် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားတဲ့ အမျိုးသမီးကြီးက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးကြီးက သူဟာ ခင်ပွန်းသည်နဲ့ ကွာရှင်းပြီးတဲ့နောက် ပင်စင် ဝင်ငွေ တခုတည်းကိုသာ မှီခို ရပ်တည်နေရချိန်မှာ သားနှစ်ဦးကပါ ကပ်ပါးကောင်တွေလို တွယ်ကပ်နေတဲ့အတွက် ခက်ခဲလွန်းနေကြောင်း တရားရုံးမှာ ဦးတိုက် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
သားနှစ်ယောက်ကလည်း သူ့ကို ငွေကြေး ထောက်ပံ့တာမျိုး လုံးဝ မရှိတဲ့အပြင် လက်တိုလက်တောင်း အလုပ်တွေတောင် ကူညီမပေးဘူးလို့ တရားလိုက ဆိုပါတယ်။ အခုတော့ တရားသူကြီး ဆိုင်မိုနာ ကက်တာဘီက တရားလိုကို အနိုင်ပေးလိုက်ပြီး မိခင်ဖြစ်သူက ကလေးကြီးတွေလို့ ခပ်လှောင်လှောင် ခေါ်ဝေါ်တဲ့ အမျိုးသားနှစ်ယောက်ကို ဒီဇင်ဘာ ၁၈ ရက် မတိုင်ခင် အိမ်ပေါ်က ဆင်းပေးကြဖို့ ညွှန်ကြားလိုက်ပါတယ်။
သွေးသားတော်စပ်မှု တခုတည်းကို အကြောင်းပြုပြီး အရွယ်ရောက်နေတဲ့ သားသမီးတွေဟာ မိဘတွေက သီးခြား ပိုင်ဆိုင်တဲ့ နေအိမ်မှာ မိဘတွေရဲ့ ဆန္ဒမပါဘဲ ထင်သလို နေထိုင်ပိုင်ခွင့် လုံးဝ မရှိဘူးလို့ ကက်တာဘီက ပြောပါတယ်။
အီတလီမှာတော့ အသက် ၃၀ ကျော် အရွယ်လောက်ထိ သားသမီးတွေက မိဘနဲ့ အိမ်မခွဲဘဲ အတူနေတာမျိုးတွေက ဖြစ်နေကျ ကိစ္စပါ။ အခု အမှုမှာတော့ သားနှစ်ယောက်က သူတို့ဟာ မိခင်ဖြစ်သူရဲ့ နေအိမ်မှာ ဆက်လက် နေထိုင်ပိုင်ခွင့် ရှိတယ်ဆိုတာကို ဥပဒေကြောင်းအရ ချေပဖို့ အစွမ်းကုန် အားထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုတော့ တရားရုံးက မိခင်ဖြစ်သူကို အမှုမှာ အနိုင်ပေးလိုက်ပြီ ဖြစ်တာကြောင့် သားနှစ်ဦးက စီရင်ချက်နဲ့ ပတ်သက်လို့ အယူခံ ဝင်သင့် မဝင်သင့် ပြန်လည် စဉ်းစားနေတယ်လို့ သိရပါတယ်။