ထိုင်းအာဏာရ ပါတီ အကြီးအကဲအဖြစ် သက်ဆင်ရဲ့ သမီးကို တင်မြှောက်

အောက်တိုဘာ ၊ ၂၈

ထိုင်းအာဏာရ ပါတီရဲ့ အကြီးအကဲ နေရာမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးဖြစ်သူကို တင်မြှောက်လိုက်ကြောင်း သိရပါတယ်။

 ဖျူထိုင်းပါတီ (PTP)က သက်ဆင်ရဲ့ အငယ်ဆုံးသမီး ပေတွန်တန် ရှီနာဝပ်ထရာကို ပါတီအကြီးအကဲ ရာထူးအတွက် ကန့်ကွက်သူမရှိ မဲပေးရွေးချယ် တင်မြှောက်နိုင်ခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်မှာ ကြေညာပါတယ်။ ပေတွန်တန်ဟာ နိုင်ငံရေး လောကထဲ ဝင်လာပြီး ၂ နှစ်အကြာမှာ ထိုင်းရဲ့ အင်အားအကြီးဆုံး ပါတီတခုကို ဦးဆောင်ခွင့် ရလာတာလည်း ဖြစ်ပါတယ်။

 သူ့ရဲ့ဖခင် ဘီလီယံနာ သူဌေးကြီး သက်ဆင်ဟာ လတ်တလောမှာ ထောင်ဒဏ် ကျခံနေရပါတယ်။ PTPကို ဦးဆောင် ထူထောင်ခဲ့တဲ့ သက်ဆင်ဟာ ထိုင်းနိုင်ငံမှာ ဩဇာ အကြီးမားဆုံး၊ အငြင်းပွားစရာတွေ အဖန်တီးနိုင်ဆုံး နိုင်ငံရေးသမား တဦးအဖြစ် သတ်မှတ် ခံထားရပါတယ်။

 သက်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ စစ်တပ်ရဲ့ အာဏာသိမ်း ဖယ်ရှားမှုကို ခံခဲ့ရပြီးတဲ့နောက် ဆယ်စုနှစ်နဲ့ချီ ပြည်ပကို တိမ်းရှောင်နေခဲ့ရာက ဩဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လာပြီး လတ်တလော ထိန်းသိမ်း ခံထားရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဩဇာခံဖြစ်တဲ့ PTPကတော့ ပြိုင်ဘက် ကွန်ဆာဗေးတစ်တွေနဲ့ ညှိနှိုင်းပြီး ညွန့်ပေါင်း အစိုးရသစ် ဦးဆောင် ဖွဲ့စည်းနိုင်ခဲ့သလို PTP ကိုယ်စားပြု ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကိုလည်း တင်မြှောက်ထားနိုင်ခဲ့ပါတယ်။

 PTPရဲ့ စီမံအုပ်ချုပ်မှု အစုအဖွဲ့သစ်ဟာ ပိုမို အားကောင်းလာဖို့ လိုအပ်ကြောင်း၊ ဒါမှသာ ပါတီဟာ ထိုင်းပြည်သူတွေကို အမှန်တကယ် ဦးဆောင်မှု ပေးနိုင်မယ့် နံပါတ်တစ် အင်အားစု အနေနဲ့ ပြန်လည် ရပ်တည်နိုင်မှာဖြစ်ကြောင်း ပေတွန်တန်က ပြောပါတယ်။

 အသက် ၃၇ နှစ်သာ ရှိသေးတဲ့ ပေတွန်တန်ဟာ မေလ ရွေးကောက်ပွဲတွေတုန်းကလည်း PTPကို အဓိက ဦးဆောင်ခဲ့သူ တဦး ဖြစ်ပါတယ်။ သူက ပါတီကို ခေတ်နဲ့အညီ မွမ်းမံ ပြင်ဆင်​ သွေးသစ်လောင်းမှုတွေ လုပ်သင့်နေပြီလို့လည်း ကြွေးကြော်ထားပါတယ်။

 PTPဟာ အစဉ်အလာအရ ထိုင်းမှာ လူကြိုက်အများဆုံး ပါတီအဖြစ် ရပ်တည်ခဲ့ပေမယ့် မေလ ရွေးကောက်ပွဲမှာတော့ ပြုပြင်ပြောင်းလဲရေးဝါဒီ Move Forwardပါတီ (MFP)ရဲ့နောက် ဒုတိယသာ ရခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်ကစလို့ ထိုင်းမှာ ကျင်းပသမျှ ရွေးကောက်ပွဲတိုင်းမှာ မဲအများဆုံး ရခဲ့တဲ့ PTPအတွက်တော့ အဲဒီ အပြောင်းအလဲဟာ တုန်လှုပ်စရာ ဖြစ်ခဲ့ပြီး ပါတီတွင်း အကြီးစား ပြင်ဆင် ဖွဲ့စည်းမှုတွေအတွက် ခြေလှမ်းပြင်လာခဲ့တာ ဖြစ်ပါတယ်။

 အောက်တိုဘာ ၂၇ ရက်က ပါတီ ခေါင်းဆောင်သစ် နေရာအတွက် ပေတွန်တန်ကို အဆိုတင်သွင်းပြီး မဲခွဲခဲ့ရာမှာတော့ ထောက်ခံမဲ ၂၈၉ မဲ၊ ပျက်ကွက်မဲ ၁ မဲရှိခဲ့ပြီး ကန့်ကွက်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။ ထိုင်းနိုင်ငံရေး လေ့လာသူတွေကတော့ ပေတွန်တန်ကို ပါတီခေါင်းဆောင် ခန့်အပ်ခြင်းဟာ PTP အနေနဲ့ ပါတီကို ခေတ်နဲ့အညီ မွမ်းမံ ပြောင်းလဲမယ်လို့ ကြွေးကြော်ထားတဲ့တိုင် ရှီနာဝပ်ထရာ မိသားစု ဩဇာခံ အစုအဖွဲ့ တခုအနေနဲ့သာ ပိုမို ပီပြင်လာစေကြောင်း ဝေဖန် ထောက်ပြထားကြပါတယ်။