ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေ ရပ်တန့်ဖို့ တရုတ်တောင်းဆို

အောက်တိုဘာ၊ ၂၇
 
မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ဆုံး ရပ်တန့်ဖို့အတွက် နှစ်ဖက်စလုံးကို တရုတ် အစိုးရက တောင်းဆိုလိုက်ပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်က အောက်တိုဘာ ၂၇ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ တလွှားက တိုက်ခိုက်မှုတွေကို အေးအေးချမ်းချမ်း ညှိနှိုင်းတဲ့နည်းနဲ့ ပြေငြိမ်းစေဖို့ နှစ်ဖက်စလုံးကို တောင်းဆိုကြောင်း ပြောကြားသွားတာ ဖြစ်ပါတယ်။
အခြေအနေတွေ ပိုမို ဆိုးရွားမလာအောင် ထိန်းသိမ်း ဆောင်ရွက်ကြဖို့၊ တရုတ်-မြန်မာ နယ်စပ် ဧရိယာတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှုတွေ မပျက်ပြားအောင် သတိပြုကြဖို့လည်း မော်က တိုက်တွန်း ပြောကြားသွားပါတယ်။ ပြီးတော့ တရုတ်ဟာ လက်ရှိ ပဋိပက္ခတွေကို အနီးကပ် လေးလေးနက်နက် စောင့်ကြည့်နေတယ်လို့လည်း သူက ဆိုပါတယ်။
 
မြောက်ပိုင်းသုံးဖွဲ့လို့ လူသိများတဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ ရခိုင့်တပ်တော် (AA)တို့ဟာ အောက်တိုဘာ ၂၇ ရက် မနက်အစောပိုင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်း မြို့နယ်တွေက စစ်စခန်းတွေနဲ့ စစ်တပ် စစ်ဆေးရေး ဂိတ်တွေကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာက တိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။
Opreation 1027 လို့နာမည်ပေးထားတဲ့ ထိုးစစ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က တိုင်းပြည်အာဏာသိမ်းအပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ပထမဦးဆုံး အကြီးမားဆုံး စစ်ဆင်ရေး တခုလို့လည်း ပြောရမှာဖြစ်ပါတယ်။
လောလောဆယ်တော့ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် တရုတ်-မြန်မာ နယ်စပ်တလျှောက်ကို တရုတ်ဖက်က လုံခြုံရေး တင်းတင်းကျပ်ကျပ် မြှင့်တင်ထားလိုက်ပြီး ကြုံတွေ့လာနိုင်ခြေ ရှိတဲ့ စစ်ဘေးရှောင် ပြဿနာတွေ အတွက်လည်း စတင် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ပြီးတော့ ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ အချက်အခြာ မြို့ဖြစ်တဲ့ လားရှိုးက လေဆိပ်ကို ပိတ်ထားလိုက်ရပြီး ကုန်သွယ်ရေး လမ်းကြောင်းတွေလည်း ရပ်ဆိုင်းနေပါတယ်။ တိုက်ပွဲ စတင်ချိန် ကတည်းက တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလည်း ရပ်တန့်သွားကြောင်း သိရှိရပါတယ်။
Ref: Xinhua