ထားဝယ်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတဦး အမောဖောက်သေဆုံး

အောက်တိုဘာ၊ ၂၇
 
တနင်္သာရီတိုင်း၊ ထားဝယ်မြို့က အကျဥ်းထောင်မှာ ဒီကနေ့ မနက် ဆယ်နာရီလောက်က နိုင်ငံရေးအကျဥ်းသားတဦးဖြစ်သူ ဦးကျော်သိန်း ရုတ်တရက် အမောဖောက်သေဆုံးသွားတယ်လို့ ဆွေမျိုးတော်စပ်သူတွေနဲ့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN တို့ကပြောပါတယ်။
 
“ သူ့အိမ်ကတော့ ထားဝယ်ဆေးရုံကြီးမှာ အလောင်းကို သွားကြည့်ပြီးပြီ၊ အလောင်းတော့ ပြန်မပေးလိုက်ဘူး၊ မနက်ဖြန် ပြန်လာဖို့ မှာလိုက်တယ် ” လို့ ဦးကျော်သိန်းနဲ့ ဆွေမျိုးတော်စပ်တဲ့ အမျိုးသားတဦးက DNA ကို ပြောပါတယ်။
 
လောင်းလုံးမြို့နယ်၊ ဟင်းချိုတောရွာက အသက် ၄၄ နှစ်အရွယ် ဦးကျော်သိန်းဟာ အခုနှစ် မတ်လအတွင်း စစ်ကောင်စီတပ်သားတွေ ရွာထဲစစ်ကြောင်းထိုးလာတဲ့အချိန် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
 
အဖမ်းခံရပြီးနောက် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရပြီး ဘယ်ပုဒ်မတွေနဲ့ ထောင်ချခံရတာလဲဆိုတာကိုတော့ အတိအကျ မသိရပါဘူး။
 
” အမောဖောက်လာလို့ ထောင်ဆေးခန်း အရင်သွားတာတဲ့၊ အဲ့မှာ အဆင်မပြေလို့ ဆေးရုံကြီးသွားတာ၊ ဆေးရုံရောက်မှ ဆုံးတာလား၊ လမ်းမှာ ဆုံးသွားတာလား ဆိုတာတော့ မသိရဘူး ” လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဦးကျော်သိန်းဟာ အခုလို အမောဖောက် သေဆုံးတာ မဖြစ်ခင်က ကျန်းမာရေးကောင်းမွန်သူတဦးဖြစ်ပြီး ရောဂါအခံလည်း မရှိဘူးလို့ သိရပါတယ်။
 
“ မနေ့က သူ့အမေနဲ့ သူ့အစ်မ ထောင်ဝင်စာ တက်တွေ့သေးတာ၊ အဲတုန်းကတောင် ရယ်ရယ်မောမောပဲ ရှိသေးတယ်တဲ့ ” လို့ အထက်ပါ ဆွေမျိုးတော်စပ်သူ အမျိုးသားက ပြောပါတယ်။
 
လက်ရှိမှာတော့ ဦးကျော်သိန်းရဲ့ ရုပ်အလောင်းကို ထားဝယ်ဆေးရုံကြီး ရင်ခွဲရုံမှာ ထားထားပြီး မနက်ဖြန် သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
 
ဦးကျော်သိန်းဟာ ညီဖြစ်သူနဲ့ အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ညီဖြစ်သူက ပြန်လွတ်လာပေမယ့် သူကတော့ ပြန်မလွတ်ဘဲ အဖမ်းခံထားရချိန်မှာ လက်သုံးချောင်းထောင်ပြလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်တာ ခံခဲ့ရသေးတယ်လို့ ဆွေမျိုးတော်စပ်သူက ပြောပါတယ်။
 
“ ဖမ်းတာကတော့ စစ်တပ်ဝင်လာတာနဲ့ တွေ့လို့ ဖမ်းခံရတာလို့ပဲသိတယ်၊ လက်သုံးချောင်းထောင်လို့ အချုပ်ထဲမှာ ဝိုင်းရိုက်တာက တရက်လောက် သတိလစ်နေတာတဲ့၊ သူ့ညီက ပြန်လွတ်လာတော့ သူ့ညီ ပြောပြတယ် ” လို့ သူက ဆိုပါတယ်။
 
လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသူ/သား စုစုပေါင်း ငါးရာဝန်းကျင်ရှိပြီး ထောင်တွင်းဆေးခန်းမှာတော့ လုံလောက်တဲ့ ဆေးဝါကုသမှု ပေးတာမျိုး မရှိဘူးလို့ ပြန်လွတ်လာသူတွေက ပြောကြပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်ကလည်း ရန်ကုန်မြို့၊ အင်းစိန်အကျဥ်းထောင်မှာ လူငယ် နိုင်ငံရေးအကျဥ်းသား တဦးဖြစ်သူ အသက် ၂၁ နှစ်အရွယ် ကိုမင်းဟိန်းခန့် နှလုံးအမောဖောက်ပြီး သေဆုံးခဲ့ပါသေးတယ်။