အောက်တိုဘာ၊ ၂၇
ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့က သံထုတ်လုပ်တဲ့ CNA Inter Coating ကုမ္ပဏီ စက်ရုံဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အလုပ်ခန့် ပြီး လစာပေးရမယ့်အချိန်မှာ မပေးဘဲ အလုပ်ထုတ်ပစ်တာ၊ ငွေကြေးအနည်းငယ်သာ ပေးတာမျိုးတွေ လုပ်နေတာကြောင့် အခက်တွေ့နေကြရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
“ ပထမဆုံးဝင်တဲ့ တလပဲ ပေးတာ၊ ပေးပြီး နောက်လတွေကျတော့ ဘဏ်က ပိတ်ထားလို့၊ ဘဏ်ကနေ ပိုက်ဆံက မလွှဲသေးလို့ အဲ့လိုပြောပြောပြီး အမတို့ကို လစာမပေးဘူး၊ ပိုက်ဆံ (ဘတ်)ငါးရာပေးလိုက်၊ တထောင် ပေးလိုက်နဲ့ ” လို့ အဲ့ဒီစက်ရုံကနေ လုပ်အားခ လေးလစာ ရဖို့ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား မစန်းစန်းနွယ်က ပြောပါတယ်။
မစန်းနွယ်နွယ်နဲ့အတူ အလုပ်ဝင်ခဲ့တဲ့ နောက်ထပ်မြန်မာလုပ်သား ၁၄ ဦးဟာလည်း အလားတူ အခြေအနေနဲ့ ကြုံနေရပြီး အဲဒီအလုပ်သမားတွေအနေနဲ့ စုစုပေါင်း လုပ်အားခ ဘတ်သုံးသိန်း ကျော် ရဖို့ရှိနေတာလို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။
သူတို့ကို ပွဲစားကတဆင့် အဲ့ဒီစက်ရုံမှာ အလုပ်သွင်းပေးခဲ့တာဖြစ်ပြီး လက်ရှိ စားဝတ်နေရေး ခက်ခဲနေသူ ၁၅ ဦးထဲမှာ လေးလစာ လုပ်အားခ မရသေးသူအပါအဝင် နှစ်လစာ မရသေးသူ၊ ရက်ပိုင်းလောက်သာ အလုပ်ဆင်းခဲ့ရသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ ဖြေရှင်းပေးဖို့ ထိုင်းနိုင်ငံက သက်ဆိုင်ရာ အာဏာပိုင်တွေဆီ တိုင်ကြားခဲ့ပေမယ့် ဖြေရှင်းမပေးတဲ့အပြင် အဲ့ဒီလို တိုင်တန်းပြီးနောက် စက်ရုံဘက်က အလုပ်သမားတွေကို ကုမ္ပဏီဝန်းထဲပါ ပေးမဝင်တော့တာကြောင့် လက်ရှိမှာ နေထိုင်ရေးပါ အခက်တွေ့နေကြရတယ်လို့ ဆိုပါတယ်။
“ သွားတိုင်တဲ့နေ့မှာ ၁၅ ယောက်လုံး သွားတာ၊ အပြန်ကျတော့ ကျွန်တော်တို့ကို အထဲပေးမဝင်တော့ဘူး၊ ကျွန်တော်တို့ရဲ့အသုံးဆောင်ပစ္စည်းတွေ၊ အိုးခွက်ပန်းကန်တွေလည်း အခုထိ ပြန်မရသေးဘူး ” လို့ အဲဒီစက်ရုံမှာ အလုပ်လုပ်တဲ့ ကိုရန်ပိုင်စိုးက ပြောပါတယ်။
မြန်မာရွေ့ပြောင်းအလုပ်သမားတွေက အဲဒီထိုင်းကုမ္ပဏီကို သက်ဆိုင်ရာဌာနဆီ တိုင်ကြားပေမယ့် ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်ခြင်း မရှိတာကြောင့် ချွန်ပူရီတရားရုံးမှာ မနေ့က တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
“ တရားရုံးကို တင်လိုက်တဲ့အခါမှာ ကျွန်တော်တို့ကို အဲ့သူဌေးက လာရောက်ညှိနှိုင်းတယ်၊ ကျွန်တော် တာဝန်ရှိသူတွေနဲ့ စကားပြောချင်တယ်ဆိုတော့ ကျွန်တော်တို့က ငြင်းလိုက်တယ်။ ကျွန်တော်တို့က ရုံးနဲ့ပဲစကား ပြောချင်တယ်၊ ပွဲစားမဟုတ်တဲ့အတွက် လာပြီး ညှိနှုင်းလို့ မရဘူး အလုပ်သမားတွေရှေ့မှာပဲ လက်ခံစကားပြောတာပဲ လိုချင်တယ် ” လို့ WAG အဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။
အဲဒီအလုပ်သမား ၁၅ ဦးထဲမှာ အမျိုးသမီးလေးဦး ပါဝင်ပြီး အစိုးရချင်း သဘောတူညီချက် MoU နဲ့လာရောက်သူ တဦးအပါအဝင် တရားဝင်အထောက်အထားနဲ့ နေထိုင်သူ လေးဦးဖြစ်ကာ ကျန်တဲ့ ၁၁ ဦးကတော့ ထိုင်းအစိုးရက ထုတ်ပေးတဲ့ အလုပ်လုပ်ခွင့်ပါမစ် ပန်းရောင်ကတ်ရဖို့ နာမည်စာရင်းတင်ထားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
“ အမတို့ ထွက်တော့လေ ပွဲစားမတယောက်က အယောက်လေးဆယ်လောက်ရှိတယ်၊ ထပ်ထည့်ပေးတာ ၁၅ ယောက်တခါ ၁၇ ယောက်တခါ ထည့်ထည့်ပြီး လစာထုတ်ရက်ရောက်ရင် မပေးဘဲ ထုတ်ထုတ်ပစ်တာ ” လို့ မစန်းစန်းနွယ်က ပြောပါတယ်။