အောက်တိုဘာ၊ ၂၇
မြောက်ပိုင်းသုံးဖွဲ့လို့ လူသိများတဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ ရခိုင့်တပ်တော် (AA) တို့ရဲ့ စစ်ဆင်ရေးကို ထောက်ခံတဲ့အနေနဲ့ တောင်သမန်စစ်ဆင်ရေးကို စတင်လိုက်တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF)တာဝန်ရှိသူထံ သိရပါတယ်။
“ ကျနော်တို့ တောင်သမန်စစ်ဆင်ရေးကလည်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စနေပြီလို့ ပြောရင်ရတယ် “ လို့ အဲဒီအဖွဲ့ပြောခွင့်ရ အော်စမွန်က ပြောပါတယ်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေနဲ့ တသားတည်းရှိပြီး စစ်ဆင်ရေး အောင်မြင်အောင် အထောက်အပံ့ဖြစ်ဖို့အတွက် တောင်သမန် စစ်ဆင်ရေးနဲ့ ပူးပေါင်းတိုက်ခိုက်တာလို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။
စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဒေသတွေမှာ ဘယ်နေ့မှာ ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်မပြောပါဘူး။
လက်ရှိမှာလည်း မန္တလေး PDF အဖွဲ့က ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအစပ် နောင်ချိုမြို့အနီးတဝိုက်မှာ မြောက်ပိုင်းအဖွဲ့ဝင် တအာင်းအမျိုးသားတပ်မတော် TNLA နဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာပါ။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တားမိုးညဲ၊ မူဆယ်၊ ကွမ်းလုံ၊ ချင်းရွှေဟော် နဲ့ လောက်ကိုင် အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် အင်အားသုံးစစ်ဆင်တာ၊ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တာတွေကနေ ကာကွယ်ဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းဖို့ စစ်ဆင်ရေး စတင်လိုက်တယ်လို့လည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က ကြေညာထားပါတယ်။
ဓာတ်ပုံ – MDY-PDF