ခင်ဦးမြို့ပေါ်မှာ အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရလို့ သေဆုံး

အောက်တိုဘာ၊ ၂၇
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်က စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတဦးကို အောက်တိုဘာ ၂၆ ရက်၊ မနေ့က နေ့လယ် ၂ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့တခုက ပစ်ခတ်လို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ သူက ဒလန်အကြီးစားပဲ။ ခင်ဦးမြို့ စေတီကြီးဘုရားနားမှာ ပစ်ခံလိုက်ရတာ။ ရဲစခန်းသွားတဲ့ချိန် ပစ်ခံလိုက်ရတာ “ လို့ ခင်ဦးမြို့ပေါ်မှာရှိတဲ့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
 
သေဆုံးခဲ့သူဟာ အောင်မင်္ဂလာရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်သူ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ ဦးရာကျော်ဖြစ်ပြီး သူဟာ ဆိုင်ကယ်နဲ့ ရဲစခန်းသွားချိန် ပစ်ခတ်ခံခဲ့ရလို့ သေဆုံးခဲ့တာပါ။
 
ဦးရာကျော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တာဟာ မြို့ပြပျောက်ကြား အဖွဲ့တဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကို ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
 
အဲဒီလို ပစ်ခတ်ခံရပြီးနောက် နာရီဝက်အကြာမှာ သေဆုံးသူရဲ့ အလောင်းကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဦးရာကျော်ရဲ့ အမေအိမ်ကို သယ်ဆောင်သွားပြီး ဒီနေ့မှာ သဂြိုလ်ပေးလိုက်ပြီလို့ သိရပါတယ်။
 
ဦးရာကျော်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူတွေကို စစ်တပ်ရဲတွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့သလို ပျူစောထီးခေါင်းဆောင်တဦးဖြစ်ကာ ရပ်ကွက်ထဲမှာ စစ်ကောင်စီတပ်က လုံခြုံရေးပေးထားသလို သေနတ်ကိုင်ဆောင်ထားသူလို့လည်း ဒေသခံ အမျိုးသားက ဆိုပါတယ်။
 
အခုလို ဦးရာကျော် ပစ်ခတ်ရပြီးနောက် ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီလုံခြုံရေးတွေက စစ်ဆေးတာတွေ လုပ်ဆောင်နေသလို နေအိမ်တွေထဲထိ ဝင်ရောက်ရှာဖွေတာတွေပါ လုပ်ဆောင်နေပေမယ့် ဖမ်းဆီးခံရသူတွေတော့ မရှိသေးပါဘူး။
 
အာဏာသိမ်းချိန်ကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်လို့ အုပ်ချုပ်ရေးမှူး ရှစ်ရာကျော်အပါအဝင် လူပေါင်း ၆,၆၀၀ ကျော် သေဆုံးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media