အာဏာသိမ်းမှု အသိအမှတ်မပြုတဲ့ နိုင်ငံတွေ စံနှစ်မျိုးကျင့်သုံးတာလို့ စစ်ခေါင်းဆောင်ဝေဖန်

အောက်တိုဘာ၊ ၂၇
 
၂၀၀၈ အခြေခံဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ခံအစိုးရတွေကို အသိအမှတ်ပြုခဲ့ပေမယ့် စစ်ကောင်စီကိုတော့ အသိအမှတ်မပြုတဲ့ နိုင်ငံတွေဟာ ရှေ့နောက်မညီဘဲ စံနှစ်မျိုး ကျင့်သုံးတာဖြစ်တယ်လို့အာဏာသိမ်းစစ်ခေါင်း ဆောင်မင်းအောင်လှိုင်က ဝေဖန်ပြောဆိုပါတယ်။
 
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီနဲ့ အရပ်သားအစိုးရခေါင်းဆောင် တွေကို အာဏာဆက်ယူခွင့်မပေးဘဲ ဖမ်းဆီးထိန်းသိမ်းလိုက်တာနဲ့ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပက အာဏာသိမ်းမှုလို့ သတ်မှတ်ကြပေမယ့် စစ်ခေါင်းဆောင်ကတော့ အခြေခံဥပဒေနဲ့အညီ လုပ်တာလို့ လက်ရှိအထိ ပြောဆိုနေတာပါ။
 
ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေအောက်က အရပ်သားအစိုးရတွေကို အသိအမှတ်ပြုခဲ့သလို အခြေခံဥပဒေအတိုင်း နိုင်ငံ့တာဝန်ကို ရယူခဲ့တဲ့ စစ်ကောင်စီကိုလည်း နိုင်ငံတကာက အသိအမှတ်ပြုသင့်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ယူဆနေတာ ဖြစ်ပါတယ်။
 
မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း စစ်ခေါင်းဆောင်က ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွေမှာ ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုတွေ ရှိခဲ့ကြောင်း အကျယ်တဝင့်ပြောခဲ့သလို အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ကဏ္ဍပေါင်းစုံမငြိမ်သက်အောင် လုပ်နေတယ်လို့လည်း နာမည်တပ်ဝေဖန်ခဲ့ပါတယ်။
 
အမေရိကန်နိုင်ငံဟာ အကြမ်းဖက်အဖွဲ့တွေကို ခေါင်းစဉ်အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးနဲ့ ကူညီနေတယ်လို့လည်း သူကစွပ်စွဲပြောဆိုပါတယ်။
 
အမေရိကန်နဲ့ အမေရိကန်ရဲ့ဩဇာကို မလွန်ဆန်နိုင်တဲ့ နိုင်ငံတွေက ဘဏ္ဍာရေးနဲ့ ကုန်သွယ်မှု ကဏ္ဍ ပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမယ့် မိတ်ဆွေနိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်ဖြေရှင်းထားနိုင်တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲခဲ့သလို နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေကို ပိုမိုတင်းကျပ်လိုက်တာကြောင့် ဝေဖန်မှုတွေ ရှိနေပေမယ့် စစ်ခေါင်းဆောင်ကတော့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာလျှောက်လှမ်းနေတယ်လို့ ဆိုပါတယ်။
 
နိုင်ငံရေးပါတီတွေ ဖွဲ့စည်းမှုနဲ့ပတ်သက်လို့ စနစ်တကျ မှန်မှန်ကန်ကန်ဖြစ်ဖို့ လိုသလို စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွတ်ဖို့ လိုတယ်လို့လည်း မနေ့က စစ်ကောင်စီအစည်းအဝေးမှာ သူကထပ်ပြောပါတယ်။
 
နိုင်ငံရေးပါတီတွေဘက်ကတော့ စစ်ကောင်စီရဲ့ ပါတီမှတ်ပုံတင်ဥပဒေအရ လက်ရှိအခြေအနေမှာ ဆောင်ရွက်ဖို့ ခက်ခဲတဲ့ သတ်မှတ်တွေကို ဥပဒေပြဌာန်းချက်တွေနဲ့အညီ အချိန်မီလုပ်ဖို့ ဖိအားပေးခံနေရတာကြောင့် အခက်တွေ့ နေတယ်လို့ DNA ကိုပြောထားတာပါ။
 
“ ကျွန်တော်တို့ကတော့ ကိုယ်စားပြုခွင့်ရဖို့အတွက် ထောင်တာပေါ့၊ သူတို့က ဒီမိုကရေစီလို့တော့ ပြောတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ မြင်တာကတော့ ပါတီကို လွတ်လွတ်လပ်လပ် တည်ထောင်ခွင့်မရအောင် ကန့်သတ်ထားတယ် ” လို့ ရခိုင်ပြည်နယ်အခြေစိုက် လူမျိုးစုပါတီငယ်တခုက ဝေဖန်ထားပါတယ်။
၂၀၁၀ ကစလို့ ၂၀၂၀ ရွေးကောက်ပွဲအထိ ကျင့်သုံးခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေအရ တည်ထောင်ခွင့်ရပါတီတွေအနေနဲ့ တနိုင်ငံလုံးမှာ စည်းလုံးမယ်ဆိုရင် ပါတီဝင် တထောင်၊ တိုင်းနဲ့ပြည်နယ်ဒေသအလိုက် စည်းရုံးမယ်ဆိုရင် ပါတီဝင်အင်အား ငါးရာသာ တင်ပြနိုင်ဖို့ လိုခဲ့တာပါ။
 
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြင်ဆင်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေမှာတော့ တနိုင်ငံလုံးစည်းရုံးမယ့်ပါတီတွေက ပါတီဝင်အင်အားအနည်းဆုံး တသိန်း၊ တိုင်းနဲ့ ပြည်နယ်ဒေသအလိုက် စည်းရုံးမယ့်ပါတီဆိုရင် အနည်းဆုံး ပါတီဝင်တထောင်စာရင်းတင်ပြရဖို့ သတ်မှတ်ထားပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီရဲ့ပါတီမှတ်ပုံတင်ဥပေဒအရ နိုင်ငံရေးပါတီတွေဟာ ပါတီမှတ်ပုံတင်ခွင့်ပြုချက်ကျပြီး ရက် ၉၀ အတွင်း ပါတီဝင်အင်အားကို တင်ပြရမှာဖြစ်ကာ ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းတွေ ဖွင့်လှစ်ကြရမှာပါ။
 
ပြည်နယ်အဆင့်ပါတီတွေဆိုရင် အနည်းဆုံးမြို့နယ် ငါးခုမှာ ရုံးဖွင့်ရမှာဖြစ်ပြီး နိုင်ငံတဝှမ်း စည်းရုံးမယ့်ပါတီဆိုရင်တော့ မြို့နယ် ၁၆၅ ခုမှာ ရုံးဖွင့်ကြရမယ်လို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေက ဆိုထားပါတယ်။
 
ဒီအချက်တွေကြောင့် လက်ရှိစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဆီ မှတ်ပုံတင်ထားတဲ့ ပါတီတချို့ဟာ သတ်မှတ်ချိန်အတွင်း ပါတီဝင်အရေအတွက် ပြည့်အောင်စုဆောင်းဖို့နဲ့ ပါတီရုံးခန်းဖွင့်ဖို့အတွက် အခက်တွေ့နေကြတယ်လို့ ပြောကြပါတယ်။
 
စစ်ခေါင်းဆောင်ကတော့ သူတို့ကျင်းပမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲမတိုင်မီမှာ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံ ဆွေးနွေးဖို့ရှိတယ်လို့ မနေ့ကစ စ်ကောင်စီအစည်းအဝေးမှာ ပြောပါတယ်။
 
ဓာတ်ပုံ – Google