အောက်တိုဘာ၊ ၃
စစ်ကိုင်းတိုင်း၊ ချောင်ဦးမြို့နယ်၊ ရွှေလှကျေးရွာနားမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရာကနေ ကာကွယ်ရေး(PDF)ရဲဘော် ၁၀ယောက်ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှားတခု လူမှူကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီ့သတင်းကိုစစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ် ကနေ အောက်တိုဘာ၂ရက်နေ့၊ မနေ့က ၄နာရီခွဲကျော်မှာ စတင်ဖြန့်ဝေထားတာပါ။
အဲ့ဒီပျံ့နှံ့နေတဲ့သတင်းမှား ကို အခြားလော်ဘီချန်နယ် ၁၅ခုကနေလည်း ဖြန့်ဝေထားပြီး မှိုင်းဝေချန်နယ်မှာတော့ ကြည့်ရှုသူ ၃၅,၄၁၄ဦး၊ reaction ပြုလုပ်သူ ၆၇၄ဦးနဲ့ ပြန်လည်မျှဝေသူ ၈၅ဦးထိရှိကာ လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။
DNA Fact Checkအဖွဲ့ကနေ ပျံ့နှံ့လာတဲ့ သတင်းအမှားကို စစ်ဆေးကြည့်တဲ့အခါမှာ ပြီးခဲ့တဲ့ အောက်တိုဘာ၂ရက်နေ့မှာ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမဖြစ်ခဲ့ကြောင်းသိရပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
“ရွှေလှကျေးရွာဆိုတာတော့မရှိဘူး ရွှေလှေဖြစ်မယ်၊ အဲ့ဘက်မှာတော့ ဘာမှတော့မဖြစ်ဘူးရယ်၊ ပုံတွေကလည်းအကုန်ဝါးထားတာလေ၊ သေချာမသိရအောင်လုပ်ထားတာ ဆိုက်ဝါးထည့်တာပေါ့ဗျာ ဘာမှမဖြစ်ဘူးအဲ့ဘက်မှာက” လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူတဦးကပြောပါတယ်။
ဒါ့အပြင် ပျံ့နှံ့လာတဲ့ သတင်းမှာ -သေနတ် ၁၃ လက်၊ ၁၂ဗို့ကျည် ၆၈ တောင့်၊ ကျည်မျိုးစုံ ၃၀၀ ကျော်၊ ၄၀ မမ ၂၅ တောင့်၊ စကားပြောစက် ၅ လုံး၊ ယူနီဖောင်း ၄ စုံ နဲ့ တိုက်ပွဲဖြစ်ပွားရာမှာ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ပြီး၊ စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးမရှိဘူး လို့ ရေးသားထားပါတယ်။
ဒါပေမယ့် ရွှေလှေကျေးရွာဒေသခံတွေကတော့ အဲ့ဒီ့အောက်တိုဘာ ၂ရက်က စစ်ကောင်စီစစ်ကြောင်းနဲ့ အမှန်တကယ်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိသလို ရဲဘော်တွေကျဆုံးတာနဲ့ လက်နက်ဆုံးရှုံးမှုလည်းမရှိဘူးလို့ ပြောပါတယ်။
“ကျွန်တော်တို့ရွာနားမှာ တိုက်ပွဲမဖြစ်ခဲ့ပါဘူးဗျာ သတင်းမှားပါ၊ ကျွန်တော်တို့ရွာဘက်မှာ တိုက်ပွဲကမရှိဘူး တိုက်ပွဲဖြစ်တဲ့နေရာအများစုကလည်း မကျီးခွမှာပဲ၊ နောက်ပြီးအဲ့လိုမဖြစ်ပဲဖြစ်တယ်ပြောတော့ မီဒီယာကျင့်ဝတ်နဲ့ မညီဘူး၊ မကောင်းဘူးပေါ့ဗျာ” လို့ ရွှေလှေကျေးရွာဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် ရွှေလှေကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲမဖြစ်ကြောင်းကို မြေလတ်အသံ – Myaelatt Athan သတင်းဌာနကရေးသားထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
ဒ့ါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်း အရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကိုရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြ တာရှိတဲ့အတွက် အလွယ်တကူမယုံကြည်ဖို့၊ ပြန်ပြီးမမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
DNA Fact Check Team ကို ဒီနေရာ ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။