ဖားကန့်မြို့အနီး နမ္မဖြစ်ရွာက စစ်ကောင်စီတပ်တိုက်ခိုက်ခံရ

အောက်တိုဘာ၊၂၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး နမ္မဖြစ်ရွာရှိ မြန်မာသူရကျောက်စိမ်းကုမ္ပဏီဝင်းထဲမှာ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်ကို KIAပူးပေါင်းအဖွဲ့က မနေ့ညပိုင်းမှာစီးနင်းတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ် သားတွေ သေဆုံးထိခိုက်မှုများသလို ထွက်ပြေးသွားသူတွေလည်းရှိတယ်လို့ တော်လှန်ရေးအင်အားစု နဲ့နီးစပ်သူတွေနဲ့ ဒေသခံတွေကပြောကြပါတယ်။

အဲ့ဒီနေရာကို မနေ့ကညဆယ်နာရီဝန်းကျင်လောက်မှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)နဲ့ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)တို့ ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ ကြ တာ ဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ စခန်းချနေထိုင်တဲ့ အဆောက်အဦးနဲ့ကားတချို့ကို မီးရှို့ခဲ့တယ်လို့  KIA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အနီးတဝိုက် ဒေသခံတွေကလည်း ကျောက်စိမ်းကုမ္ပဏီဝင်းထဲရှိ စစ်ကောင်စီတပ်စခန်း မီးလောင်နေတာကို မြင်တွေ့ခဲ့ရပြီး စစ်ကောင်စီဘက်က အကျအဆုံး များနိုင်တယ်လို့  ပြောကြပေမယ့်တိုက်ပွဲအတွင်းနှစ်ဖက် ထိခိုက်သေဆုံးမှုအသေးစိတ်အခြေအနေတွေကိုတော့မသိရသေးပါဘူး။

နမ္မဖြစ်ရွာဟာ ဖားကန့်မြို့အရှေ့ဘက် ဥရုချောင်းဘေးက ကျောက်စိမ်းလုပ်ကွက်တွေရှိတဲ့ရွာတရွာဖြစ်ပါတယ်။

အဲဒီလို စခန်းချနေရာ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ ဖားကန့်မြို့ပေါ် ဗျူဟာကုန်းအပါအဝင် အနီး တဝိုက် တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်နေခဲ့ပြီး ဖားကန့်မြို့ပေါ်နဲ့ မှော်စီစာရွာဘက်ဆီ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ပြောကြပါတယ်။

“ဆယ်နာရီလောက်ကနေ ပစ်နေတာ၊ ပစ်တာ တော်တော်ကြာတယ်၊ဖားကန့်ဟိုဘက်ကလူတွေတောင် ကြား ရတယ်တဲ့၊ ရွာတွေထဲကိုလည်း လက်နက်(ကြီး)တွေကျတယ်ပြောတယ်”လို့ ဖားကန့်မြို့ခံတဦးက DNA ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် ကျောက်မျက်ကုမ္ပဏီဝင်းအတွင်း စစ်ကောင်စီတပ်တွေမရှိတော့ချိန်မှာ အဲ့ဒီကုမ္ပဏီဝင်း ထဲက ကျောက်တွေကို ဖားကန့်ဒေသခံတွေက ဝင်ယူကြတာမျိုးတွေရှိခဲ့ပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်က ပြန်မောင်းထုတ်ခဲ့တယ်လို့ ကချင်သတင်းဌာနတခုဖြစ်တဲ့ Myitkyina News Journal ကဖော်ပြထားပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားဒေသခံ ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။ လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေဟာ နမ္မဖြစ်ရွာအနီး ဖြတ်သန်းသွားလာသူတွေကိုစစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မြန်မာသူရကျောက်စိမ်းကုမ္ပဏီပိုင်ရှင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေကို ငွေကြေးထောက်ပံ့ကူညီ မှုတွေလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခု ဩဂုတ်အတွင်းက ဖမ်းဆီးခံခဲ့ရပြီး နမ္မဖြစ်ရွာ ကျောက် မှော်ရှိ ကုမ္ပဏီရုံးခန်းအပါအဝင် ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက သိမ်းဆည်းခဲ့ပါတယ်။

ဖားကန့်မြို့နယ်အပါအဝင် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းအဖွဲ့တို့ နေ့စဉ်နီးပါး တိုက်ပွဲ တွေရှိနေပြီး စစ်ကောင်စီရဲ့တပ်စခန်းတွေလည်း ဆက်တိုက်သိမ်းပိုက်ခံနေရတယ်လို့ ဒေသတွင်း သတင်းရင်း မြစ်တွေက ပြောကြပါတယ်။