အောက်တိုဘာ ၊ ၂၆
စစ်ကိုင်းတိုင်း ၊ ရေးဦးခရိုင်၊ ဒီပဲယင်းမြို့နယ်ရှိ စစ်ရှောင်စခန်းတွေမှာ အမိုးအကာမလုံလောက်မှုတွေဖြစ်ပြီး မိုးရေထဲ စစ်ရှောင်နေခဲ့ရတာကြောင့် စစ်ရှောင်ကူညီနေသူနဲ့စစ်ရှောင်တချို့ တုပ်ကွေးမိပြီး ဖျားနာနေကြတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့များအဖွဲ့ထံက သိရပါတယ်။
” ကျွန်တော် သိသလောက်ဆို လူဦးရေ မိသားစု တဆယ်ကျော်က လူဆယ်ဦးကျော်လောက် ဖျားနာနေတာမျိုးတွေ့ရတယ် ။ လိုအပ်ရင် ရှိတဲ့ဆေးဝါးတွေနဲ့ ဆေးဝါးကုသနိုင်ရေး ဆောင်ရွက်သွားပါမယ်။ ရာသီတုပ်ကွေးဆိုတော့ ဒီရာသီ အဖြစ်များတာပါပဲ။ ” လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ အဲဒီအဖွဲ့တာဝန်ခံ ကိုဖြိုးကြီးက ပြောပါတယ်။
ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်က စပြီးမိုးရွာသွန်းမှုကြောင့် စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေသာမက စစ်ရှောင်အရေးကူညီသူတွေပါအခုလိုတုပ်ကွေးမိဖျားနာနေကြတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။
” ကျုပ်ကိုယ်တိုင် အခုဖျားနေတာ သုံးရက်ရှိပြီ ။ ကျုပ်နဲ့အတူ မြေပြင်သွားရောက်နေကြ တာဝန်ခံတဦးလည်းဖျားနေတာ ၊ မိုးမိလို့ရယ်တော့ သီးခြားမဟုတ်ဘူးခင်ဗျ ။ဒီရာသီမှာ ဖျားနာနေကြလို ဖြစ်နေတယ် ” လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ အဲဒီအဖွဲ့တာဝန်ခံ ကိုဖြိုးကြီးက ပြောပါတယ်။
ဒီပဲယင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှိုးဖျက်ဆီးမှုတွေ လုပ်ဆောင်နေခဲ့တဲ့အတွက် ဒေသခံ တသောင်းဝန်းကျင်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
အဓိက စစ်ရှောင်ဌါန ၁၁ ခုခန့်ရှိနေကာ စစ်ရှောင်ဦးရေ တရာကျော်ရှိတဲ့ ဌါန လေး ခုခန့်ရှိ ပြီး မိသားစုတော်တော်များများ တုတ်ကွေးမိနေတာကြောင့် ဌါနမှာ ရှိတဲ့ ဆေးဝါးအနည်းငယ်လောက်နဲ့ ရအောင် ကူညီပေးနေတယ်လို့ ဆိုပါတယ်။
ဒီပဲယင်းမှာ စစ်ကောင်စီစစ်တပ်များဘက်မှ အောက်တိုဘာလ ၂၁ ရက်ကစပြီး ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် လက်တီးရွာ ၊ ဆပ်ပြာကျင်းရွာ ၊ ဘုတ်ရွာ ၊ဘုရားထွက်ရွာ ၊ အုန်းတင်ရွာ ၊ မှန်သာရွာ ၊ သပြေသာရွာ ၊ ယင်းတွေရွာနဲ့ ဝပါရွာတွေက ဒေသခံတွေ စစ်ရှောင်နေရတာပါ။
ဒါ့ကြောင့် စစ်ရှောင်စခန်းတွေမှာ အစားအသောက် ၊ ဆေးဝါးနဲ့ အမိုးအကာတွေလိုအပ်နေပါတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေတဲ့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကမကြာသေးခင်က ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ အင်အား တရာ ဝန်းကျင်ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်ရဲ့ ဘီလူးစစ်ကြောင်း ဟာ ရှမ်းတောရွာဘက်ကို ဝင်ရောက်နေတာဖြစ်ပြီး ဒေသခံတချို့ကို ဖမ်းဆီးထားတယ်လို့ သိရသော်လည်း DNA အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါ ။
အာဏာသိမ်းတဲ့အချိန်ကနေ အခုအချိန်အထိစစ်ကောင်စီတပ်က ဒီပဲယင်းမြို့မှာ အိမ်ခြေပေါင်း ခြောက်ထောင်ကျော်မီးရှို့ဖျက်စီးခဲ့ပြီး နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်အိမ်ထောင်စုပေါင်း ခြောက်ရာကျော်ရှိနေပြီး အများစုမှာ စစ်ရှောင်စခန်းများတွင်ပဲ အခြေချနေထိုင်နေကြရပါတယ်။
Photo – ဒီပဲယင်းမြို့နယ်ညီနောင်များ