စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံဖို့ NUGနဲ့ တော်လှန်ရေးအင်အားစုတွေက ဥရောပသမဂ္ဂကို တောင်းဆို

အောက်တိုဘာ၊ ၂၅

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်ဖို့ ဥရောပသမဂ္ဂ(အီးယူ)နဲ့ အီးယူ အဖွဲ့ဝင်တွေ နိုင်ငံတွေကို မေတ္တာရပ်ခံ တောင်းဆိုထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီကနေ့ ထုတ်ပြန် လာပါတယ်။

NUG အစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေက အောက်တိုဘာ ၁၆ ရက်နေ့ကတည်းက အီးယူဆီအဲ့ဒီတောင်းဆိုချက် ပေးပို့ခဲ့တာဖြစ်ပြီး ဒီကနေ့မှာမြန်မာဘာသာပြန်ကိုထုတ်ပြန်လာတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းမှုတွေဟာ အကြမ်းဖက်မှုတွေကိုသာ ဦးတည်စေပြီး ဒေသအတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်တာကို သတိပြုဖို့လည်း တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တရားဝင်ဖြစ်မှုတောင်းဆိုချက်တွေကို ပယ်ချပြီး ကုလသမဂ္ဂ အစည်းအဝေးတွေအပါအဝင် ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာအစည်းအဝေးတွေမှာ စစ်ကောင်စီက တက်ရောက်ခွင့် မရရှိစေရေး တားဆီးပေးဖို့လည်း တောင်းဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ရှေ့လုပ်ငန်းစဥ်ငါးရပ်ထဲ ထည့်သွင်းကာ အကောင်ထည်ဖော်ဖို့ ကြိုးပမ်းနေပြီး ဘယ်ချိန်မှာ ကျင်းပမလဲဆိုတာကိုတော့ အတိအကျ ပြောဆိုတာမရှိသေးပါဘူး။

လက်ရှိမှာတော့ ရွေးကောက်ပွဲအတွက် ရည်ရွယ်ကာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် ချပေးထားတဲ့ ပါတီပေါင်း ၃၇ ခုရှိပြီး အဲဒီပါတီတွေကို  ပါတီရုံးခန်းတွေ အချိန်မီဖွင့်ကြဖို့၊ ပါတီဝင်အင်အားတွေ အချိန်မီ တင်ပြကြဖို့လည်း စစ်ကောင်စီက ဖိအားပေးနေပါတယ်။

တဖက်မှာလည်း စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် ပါတီ လေးဆယ်ကို သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ခွင့်ပြန်မလျှောက်လို့ ဖျက်သိမ်းလိုက်ကြောင်း အခုနှစ် မတ်လထဲမှာ ကြေညာထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်ကတော့  မြန်မာနိုင်ငံမှာ နိုင်ငံရေးလွတ်လပ်ခွင့်တွေမရှိဘဲ ရွေးကောက်ပွဲကျင်းပရင် အခြေအနေတွေ ပိုမိုဆိုးရွားလာနိုင်ကြောင်း အခုနှစ် ဇန်နဝါရီလကုန်တုန်းက သတိပေး ပြောဆိုထားပါတယ်။

တဖက်မှာတော့ အီးယူအနေနဲ့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို အားပေးကူညီဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ မြန်မာပြည်သူတွေကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းတွေကနေတဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးဖို့ကိုလည်း အီးယူထံ တောင်းဆိုထားပါသေးတယ်။