အောက်တိုဘာ၊ ၂၅
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းရွာတွေ၊နယ်မြေတဆက်တည်းရှိနေတဲ့ မကွေးတိုင်းဂန့်ဂေါမြောက်ပိုင်း ရွာတွေမှာ စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေရဲ့အပြန်အလှန်ပိတ်ဆို့မှုတွေကြောင့်စားသောက်ကုန် ပြတ် လပ်တာ၊ဈေးနှုန်းမြင့်တက်တာတွေကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းနဲ့ နယ်မြေထိစပ်နေတဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက မြောက်ခင်ရန်း၊ဟံ သာဝတီ၊ကြံသာ၊ကုက္ကားစတဲ့ပျူစောထီးရွာတွေကိုဒေသကာကွယ်ရေးတပ်တွေက ပိတ်ဆို့ထားတာကြောင့် ရိက္ခာ ပြတ်လပ်မှုတွေလချီကြုံတွေ့ရပြီးနောက် စစ်ကောင်စီကလည်း အလားတူတုံ့ပြန်လာတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေက အခုလ ၁၅ရက်ကစလို့ ဂန့်ဂေါမြောက်ပိုင်းနဲ့ နယ်မြေထိစပ်နေတဲ့ ကလေးမြို့နယ် တောင်ပိုင်းရွာတွေဘက်ကို စားသောက်ကုန်တွေသယ်ယူခွင့်ပိတ်ပင်ထားတာလို့ ဒေသခံတွေကပြောပါတယ်။
“ချိုချဥ်တလုံးကစခွင့်မပြုဘူး၊ချိုချဥ်ကိုပါးစပ်ထဲထည့်ငုံခဲ့ရင်တောင် ပါးရိုက်ပစ်မှာလို့ပြောတာ”လို့ ကလေးမြို့နယ် တောင်ပိုင်း ဒေသခံအမျိုးသမီးတဦးကDNAကိုပြောပါတယ်။
ကလေးမြို့ပေါ်ကနေမြို့နယ်တောင်ပိုင်းရွာတွေဘက်ကို လူပဲသွားလာခွင့်ပြုပြီး ရိက္ခာပစ္စည်းပါလာရင် သိမ်းဆည်း တာ၊ ဖျက်ဆီးတာတွေလုပ်နေတယ်လို့လည်းဆိုပါတယ်။
ကလေးမြို့ဘက်က လာသူတွေကို မြို့တောင်ဘက် ကလေး-ဂန့်ဂေါလမ်းပေါ်မှာရှိတဲ့ ကလေးနည်းပညာ တက္က သိုလ်ဂိတ်၊ ရန်ကြီးအောင်ဂိတ်၊ ကမ်းပါးနီဂိတ်တွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တင်းတင်းကျပ်ကျပ် စစ်ဆေး မှုတွေလုပ်နေတာလို့သိရပါတယ်။
“ခရမ်းချဥ်သီးနည်းနည်းသယ်ပြီးဂိတ်ကိုဖြတ်တာမှာ ခရမ်းချဥ်သီးတွေကို ခြေထောက်တွေနဲ့နင်းပစ်လိုက်တယ်၊ ကွမ်းသီးကိုတော့သူတိုစားဖို့ယူထားလိုက်တယ်” လို့ အဲ့ဒီဂိတ်ကိုဖြတ်သန်းခဲ့တဲ့ ဒေသခံ အမျိုးသားတဦး ကပြော ပါတယ်။
အလားတူ မုန့်ထုပ်အနည်းငယ်ယူဆောင်လာမိသူတဦးကိုလည်း ဂိတ်မှာမုန့်တွေကို ကုန်အောင်ထိုင်စားခိုင်းခဲ့ တယ်လို့ဆိုပါတယ်။ကလေးမြို့ပေါ်ကနေ မြို့နယ်တောင်ဘက်သွားသူတွေကိုအဲ့ဒီပြုမူသလို တောင်ပိုင်းရွာတွေက ဒေသခံတွေကိုလည်း ကျန်းမာရေးကိစ္စကလွဲလို့ မြို့ပေါ်သွားခွင့်မပေးဘူးလို့ သိရပါတယ်။
“ဆေးကုမယ့်သူဆိုရင်တော့ခွင့်ပြုမယ်လို့ပြောတယ်၊ဒါပေမယ့် တအားစစ်တာဆိုတော့ သွားတဲ့လူမရှိသလောက်ပဲ၊ ကျွန်မလည်းသွားချင်စိတ်လုံးဝမရှိဘူး၊သောက်နေရတဲ့ဆေးပြတ်သွားမှာတော့စိတ်ပူတယ်” လို့ နာတာရှည်ရော ဂါခံစားနေရတဲ့ ကလေးမြို့ တောင်ပိုင်း ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။
ပြီးခဲတဲ့ရက်ပိုင်းအတွင်းကလည်း ကလေးတောင်ပိုင်းကနေ မြို့ပေါ်ကိုဆေးကုလာတဲ့ လူနာတင်ကားကို မြို့အ ဝင်စစ်ကောင်စီဂိတ်က ဝင်ခွင့်မပြုတာကြောင့် ဆေးရုံကနေ မြို့အဝင်ဂိတ်ကို ကားနဲ့လာကြိုခဲ့ရတယ်လို့ သိရ ပါတယ်။
အဲ့ဒီလိုပိတ်ပင်မှုတွေကြောင့် ဒေသခံတွေဟာ အချိုမုန့်၊ ဆား၊ငပိတို့ကို ဝယ်ယူစုဆောင်းနေကြရပြီး စျေးဆိုင် တွေမှာစားသောက်ကုန်ပစ္စည်းတွေပြတ်သလောက်ဖြစ်သွားပြီလို့ဆိုပါတယ်။
လက်ရှိကလေးတောင်ပိုင်းဒေသတွေမှာ အချို့မုန်တပိသာကိုးထောင်ကနေ တသောင်းနှစ်ထောင်၊ ငါးပိတပိသာ ခုနစ်ထောင်ကနေ တသောင်းထိ စျေးတက်သွားတယ်လို့လည်း ဒေသခံအိမ်ရှင်မတဦးကပြောပါတယ်။
စစ်ကောင်စီက ရိက္ခာသယ်ယူခွင့်ပိတ်ပင်တာဆယ်ရက်ကြာပြီးနောက် ကလေးတောင်ပိုင်းရွာတွေဘက်မှာ ကလေးတွေစားတဲ့မုန့်၊ ခေါက်ဆွဲခြောက်တွေလို ကုန်ခြောက်ပစ္စည်းစားသောက်ကုန်တွေ ကတော့လုံးဝမရှိ တော့ဘူးလို့ဆိုပါတယ်။
“ဆန်၊ဆီကတော့ တောသူတွေဆိုတော့ရှိကြပါတယ်၊ငါးပိ၊ဆား၊အချို့မှုန့်တွေရှိကြသေးတယ်ဆိုပေမယ့် အချိန် အကြာကြီးဖြတ်ထားရင် ပြတ်မှာကိုစိတ်ပူတယ်၊လက်လုပ်လက်စားတွေကျတော့ အများကြီးဝယ်ထား တာမ ရှိဘူးလေ၊နောက်တခုက နှာစေးချောင်းဆိုးဖြစ်ရင်ကအစ ဆေးဝါးမရှိတော့မှာစိတ်ပူတယ်”လို့ဒေသခံ အမျိုး သားတဥိးကပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ ကျေးရွာပေါင်းလေးဆယ်ဝန်းကျင်ရှိပြီး အခုလို စားသောက်ကုန်တွေ ပိတ်ဆို့ခံရ တဲ့အခြေအနေဟာ ဒေသခံ လူဦးရေအများအပေါ် သက်ရောက်မှုရှိနေတာဖြစ်ပါတယ်။
အဲ့ဒီရွာတွေရဲ့ တောင်ဘက်မှာရှိတဲ့ ဂန့်ဂေါနယ်ထဲက ပျူစောထီးရွာတွေကိုတော့ ဒေသကာကွယ်ရေးတပ်တွေက ပိတ်ဆို့ဖြတ်တောက်မှုတွေလုပ်ထားတာကြောင့် လွန်ခဲ့တဲလအနည်းငယ်အနည်းကတည်းက ရိက္ခာနဲ့ဆေးဝါး ပြတ်တောက်မှုတွေကြုံနေရတာပါ။