အောက်တိုဘာ၊ ၂၅
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဆယ်ရက်ကျော်ကြာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ သုံးထောင်ကျော်ဟာ မိုးထဲလေထဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ရေးနဲ့ နေရေးထိုင်ရေးတွေ ခက်ခဲလာတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
ပခုက္ကူကနေ ပေါက်မြို့ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ အင်အား နှစ်ရာကျော်ပါ စစ်ကြောင်းဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၇ ရက်ကစပြီး ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။
“ စစ်ကြောင်းက ဒီ ၁၆ ရက်ထဲက ရောက်နေတာ။ လိုအပ်တာက အစစအရာရာပဲ။ လူထောင်ချီမိုးထဲရေထဲ ဟိုရွှေ့လိုက် ဒီရွှေ့လိုက်နဲ့လေ။ ထမင်းဆိုလည်း တရက်ကို အိတ်ဆယ်ချီ ကုန်တာ။ ဆယ်ရက်ကျော်ပြီဆိုတော့ ရိက္ခာပြတ်လပ်မှု ကြုံလာရနိုင်တာပေါ့ “ လို့ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ဒေသခံ သုံးထောင်ကျော်ဟာ လက်ရှိချိန်ထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် အမိုးအကာနဲ့ ဆေးဝါးအကူညီတွေ လိုအပ်နေပါတယ်
အဲဒီစစ်ကြောင်းသာ ပေါက်မြို့နယ်ထဲ ဒီထက် ရက်ရှည်စစ်ကြောင်းထိုးမယ်ဆိုပါက စစ်ရှောင်တွေအတွက် ရိက္ခာပြတ်လပ်လာနိုင်ချေ ရှိတယ်လို့ ဒေသခံ အမျိုးသားက ဆိုပါတယ်။
ဝက်ပေါက်ရွာထဲ စစ်ကြောင်းထိုးလာတဲ့ အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၈ ရက်မှာ ဝက်ပုတ်ရွာကနေတဆင့် ညောင်းရင်းရွာနဲ့ ဇီးပြားကျေးရွာကို ဆက်လက်စစ်ကြောင်းထိုးခဲ့ပါတယ်။
အဲဒီမှာ စစ်ကြောင်းနဲ့တိုးတဲ့ ဝက်လက်ရွာက ဒေသခံအမျိုးသားတဦးနဲ့ ညောင်ရင်းရွာက ဒေသခံအမျိုးသားတဦးကို သတ်ဖြတ်ခဲ့ပေမယ့် သေဆုံးခဲ့သူတွေရဲ့ အခြေနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ အဲဒီနေ့ ည ၇ နာရီခန့်မှာ ရေခါးကျေးရွာထဲ ဝင်ရောက်ခဲ့ပြီး အရပ်သားပိုင် ပစ္စည်းတွေကို ဝင်ရောက်ယူဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး အောက်တိုဘာ ၂၂ ရက်မှာလည်း အဲဒီ စစ်ကြောင်းဟာ အိုင်းမရွာအနောက်ဘက်ကနေ စစ်ကြောင်းသုံးကြောင်းနဲ့ ခွဲထိုးလာချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အထိနာခဲ့တာကြောင့် စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခေါ်ဆောင်တဲ့ အမျိုးသား ခြောက်ဦးထဲက နှစ်ဦးကို သတ်ဖြတ်ခဲ့သေးတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ ဗိုလ်လကျ်ာ ကဆိုပါတယ်။
“ စစ်ကြောင်းက ပေါက်ထဲဝင်တည်းက ကျွန်တော်တို့က တိုက်တာပေါ့။ နေစဉ်ရက်ဆက်လေ။ သူတို့အင်အားနည်းအောင်ပေါ့။ အဲ့လိုကျ သူတို့က စစ်ရှောင်တွေကို ဓားစားခံအဖြစ် ခေါ်လာတဲ့သူတွေလေ အဲ့လူနှစ်ယောက် ကိုထပ်သတ်သွားတာ “ လို့ သူက ဆက်ပြောပါတယ်။
သေဆုံးခဲ့သူနှစ်ဦးဟာ ရေခါးကျေးရွာက ဦးကျောက်ရွှေနဲ့ မန်ကျည်းဂုဏ်ကျေးရွာက ဦးသန်းငွေတို့ ဖြစ်ပြီး အလောင်းကိုတော့ အခုထိ ကောက်ယူနိုင်ခြင်း မရှိသေးသလို ဖမ်းဆီးခံရသူတွေရဲ့ အခြေနေကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ မနေ့က မနက် ၇ နာရီခန့်မှာ ကျောက်တိုင်ခင်ကျေးရွာကို ရောက်ရှိနေပြီး ကျေးရွာအတွင်းမှာရှိတဲ့ အရပ်သားပိုင်ပစ္စည်းတွေကို ယူဆောင်နေသလို အရပ်သားတွေကိုလည်း ရိုက်နှက်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီစစ်ကောင်စီတပ်ဟာ ကျောက်တိုင်ခင်ကျေးရွာမှာ ဆက်လက်တပ်စွဲနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိနေတာကြောင့် ဒေသခံ သုံးထောင်ကျော်ဟာ ဒီနေ့ထိဆက်လက် စစ်ရှောင်နေရပါတယ်။
ဓာတ်ပုံ – CJ