ထားဝယ်စီးပွားရေးဇုန်အနီးက ဒေသခံတွေ တပတ်ကြာတဲ့အထိ နေရပ်မပြန်နိုင်သေး

အောက်တိုဘာ၊ ၂၅
 
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲရှိ ထားဝယ်အထူးစီးပွားရေးဇုန် အနီးတဝိုက် ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းဆက်ထိုးနေသေးတာကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံတွေ တပတ်ကြာတဲ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
” တော်တော်များများက ရွာထဲ ပြန်မဝင်ရဲကြသေးဘူး။ စစ်ကြောင်းကလည်း ရွာတွေထဲ ပတ်သွားနေသေးတာ။ အရင်က သူတို့မဝင်တဲ့ ရွာတွေကိုပါ လိုက်ဝင်နေတယ် ” လို့ ဒေသခံ အမျိုးသားတဦးက DNA ကို ပြောပါတယ်။
 
အင်အား တရာထက်မနည်းရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထားဝယ်အထူးစီးပွားရေးဇုန် အနီးတဝိုက် ကျေးရွာတွေဖြစ်တဲ့ မူးဒူး၊ နဘုလယ်၊ လဲရှောင်၊ ထွက်ဝ၊ ဘဝါ၊ ဧကနိ၊ ဝဇွမ်းတော၊ ခမောင်းချာင်း စတဲ့ကျေးရွာတွေဘက်ကို အခုလ ၁၉ ရက်မနက်ပိုင်းကတည်းက စစ်ကြောင်းထိုးနေတာပါ။
 
စစ်ကောင်စီတပ်က အခုလို စစ်ကြောင်းဆက်ထိုးနေသေးတာကြောင့် ဒေသခံ ငါးထောင်ထက်မနည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး အများစုကတော့ အနီးအနား ကျေးရွာတွေနဲ့ ဥယျာဉ်ခြံတွေထဲ ခိုလှုံနေကြရပါတယ်။
 
” လောလောဆယ်တော့ ပါလာတာတွေနဲ့ ချက်စားတယ်။ ဒီထက်ကြာလာရင်တော့ စားဖို့ ခက်လာမှာ။ အလုပ်တွေလည်း မလုပ်ရတော့ စားဝတ်နေရေးလည်း ထိခိုက်လာမှာပေါ့ ” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
 
စစ်ကြောင်းထိုးနေတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပတ်အတွင်း မူးဒူးရွာက နေအိမ် နှစ်ဆယ်နီးပါး၊ လဲရှောင်ရွာက နေအိမ်နှစ်လုံးနဲ့ ကားနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ စစ်ကောင်စီတပ်က အဲဒီကျေးရွာတွေတဝိုက်ကို အင်အားဖြန့်ကျက်ထားတာကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံတွေကို ကူညီပေးဖို့လည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
 
” စစ်သားတွေက ရွာထဲမှာပဲ ရှိနေတာ မဟုတ်ဘူး။ လမ်းတွေမှာလည်း ကင်းပုန်းတွေ ရှိနေတာ။ အဲတော့ သွားကူဖို့လည်း မလွယ်ဘူး။ တချို့ကလည်း အမြဲလိုလို ရှောင်နေရတော့ သူတို့ဟာသူတို့ ကြိုပြင်ထားတာတွေ ရှိတယ် ” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်က အဲဒီဒေသဘက်ကို အခုနှစ် ဇူလိုင်လနဲ့ သြဂုတ်လတွေမှာလည်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့လည်း မကြာခဏ တိုက်ပွဲဖြစ်ပွားတာတွေ ရှိပါတယ်။
 
” ရေနက်ဆိပ်ကမ်း ပြန်စဖို့ လုပ်နေတော့ နယ်မြေလိုက်ရှင်းတာ။ အဲတဝိုက် တော်လှန်ရေးအဖွဲ့တွေရှိတော့ မစခင် ကြိုရှင်းထားတာလို့ ထင်တယ် ” လို့ အထက်ပါ ဒေသခံအမျိုးသားက ပြောပါတယ်။
 
ထိုင်းနိုင်ငံကို ဆက်သွယ်ဖောက်လုပ်မယ့် ဟိုင်းဝေးကားလမ်းနဲ့ ရေနက်ဆိပ်ကမ်းတွေပါ ထည့်သွင်းတည်ဆောက်မယ့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်လောက်ကတည်းက ရပ်နားထားခဲ့တာပါ။
 
ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အဲဒီစီမံကိန်းကို ပြန်လည်စတင်အကောင်ထည်ဖော်မယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားသလို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကလည်း စစ်ခေါင်းဆောင်ကိုယ်တိုင် အဲဒီစီမံကိန်းကို လာရောက်ကြည့်ရှူစစ်ဆေးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Gi Hman (ပုံဟောင်း)​
ပုံစာ – ထွက်ပြေးတိမ်းရှောင်နေရတဲ့ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ကို အခုနှစ် ဇူလိုင်လက တွေ့ရစဥ်။