ဆိုင်ကလုန်းမုန်တိုင်း သက်ရောက်မှုရှိနိုင်တဲ့ ရခိုင်မှာ အမြန်ရေယာဉ်ခရီးစဉ်တွေ ရပ်နား

အောက်တိုဘာ၊ ၂၄

 ဆိုင်ကလုန်းမုန်တိုင်းဟာမွန်းရဲ့သက်ရောက်မှုဒဏ်ခံရနိုင်တဲ့ ရခိုင်ပြည်နယ်မှာ ပင်လယ်ဖြတ်ပြီးပြေးဆွဲပေးနေ တဲ့တခု တည်းသော ခရီးသည်တင်အမြန်ရေယာဉ်လိုင်း ရွှေပြည်တန်က ခရီးစဉ်တွေရပ်နားထား မယ်လို့အသိပေး ထားပါတယ်။

 ရခိုင်ပြည်နယ် စစ်တွေကနေ ကျောက်ဖြူ၊ တောင်ကုတ်၊ ရသေ့တောင်၊ ဘူးသီးတောင်တို့ဆီ ပြေးဆွဲနေတဲ့ အမြန် ရေယာဉ်တွေကို မနက်ဖြန်ကစပြီး ရပ်နားထားမယ်လို့ ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းကဆိုပါတယ်။

 ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”ဟာ ကုန်း တွင်း ပိုင်းဝင် ရောက်ချိန်မှာ မြန်မာနိုင်ငံထဲ ဖြတ်သန်းဖို့မရှိပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းမြို့အနီးကနေ ကုန်း တွင်းဝင်မှာဖြစ်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ရိုက်ခတ်မှုတွေရှိနိုင်တယ်လို့ မိုးလေဝသ စောင့် ကြည့်ရေးဌာနတွေက ခန့်မှန်းထားပါတယ်။

 “အခုလေပြင်းနည်းနည်း တိုက်နေတယ်၊မိုးကလည်း သိပ်မကြီးပေမယ့် ဆက်တိုက် ရွာနေပါတယ်၊ ဒီထက်လေ နည်းနည်း ပြင်းရင် စပါးခင်းတွေ ပျက်စီးမှာ စိုးရတယ်၊မနှစ်ကလည်း ဒီအချိန်ပဲ မုန်တိုင်းက ဖျက်သွားခဲ့တာ”လို့ မောင်တောမြို့နယ် အင်းဒင်ရွာခံ လယ်သမားတဦးက အခုညပိုင်းမှာပြောပါတယ်။

 အဲဒီမုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေ ပြင်းကျ ရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးဇလက ဆိုပါတယ်။ လှိုင်းအမြင့်မှာ ဆယ်ပေကနေ ၁၃ ပေလောက် အထိ ရှိနိုင်ပြီး လေတိုက်နှုန်းဟာလည်း ၄၅ မိုင်ကနေ မိုင်ငါးဆယ်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီကနေ့ ညနေ ငါးနာရီခွဲကတိုင်းထွာချက်အရဟမွန်း (HAMOON)မုန်တိုင်းဟာသုံးနာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားလျော့ကာ နောက်ထပ် ၁၂ နာရီအတွင်း ဘင်္ဂလားဒေရှ့်ကမ်းခြေကို စစ်တကောင်း မြို့တောင်ဘက်အနီးကနေ ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

 မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ မုန်တိုင်းအဖျားခတ်ပြီး လူဦးရေထောင်ဂဏန်းလောက် သက်ရောက်မှုရှိနိုင်တယ်လို့ နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ခန့် မှန်းသုံးသပ် ချက်ကို  ကိုးကားပြီး အသိပေးထားပါတယ်။

 မုန်တိုင်းကြောင့် ရေကြီး၊ရေလျှံမှုဖြစ်စေတဲ့အထိ ဆိုးဆိုးရွားရွားမိုးရွာတာမျိုးမဖြစ်နိုင်ပေမယ့် တောင်ကျချောင်းရေ ရုတ်တရက်ကျဆင်းပြီး မြေပြိုတာ၊တောင်ပြိုတာတွေဖြစ်နိုင်တာကြောင့် သတိထားဖို့လိုတယ်လို့ဦးဝင်းနိုင် ကပြော ထားပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တို့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်တို့မှာလည်း မုန်တိုင်းအရှိန်ကြောင့် ဒီကနေ့ညနေကနေ အောက်တိုဘာလ ၂၆ ရက်အထိ မိုးရွာနိုင် တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မုန်တိုင်းဝင်ရောက်ဖြတ်ကျော်ပြီးသွားခဲ့အခါမှာလည်း အရှေ့ဘက်က ဝင်လာနိုင်မယ့် တိမ်တိုက်တွေကြောင့် မိုး ဆက်ရွာနေနိုင်သေးတယ်လို့ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

အခုအချိန်ဟာ စပါးအပါအဝင် သီးနှံတွေ ရိတ်သိမ်းချိန်ဖြစ်လို့ တောင်သူတွေအနေနဲ့ သတိထားပြင်ဆင်ကြဖို့ လည်းသူက တိုက်တွန်းထားပါတယ်။

အခုလဆန်းပိုင်းက ပဲခူးနဲ့ ကယားပြည်နယ်တို့မှာ မိုးအဆက်မပြတ်ရွာကာ ရေကြီးလို့ ရိတ်သိမ်းခါနီး စပါးခင်းဧ ကပေါင်း သောင်းချီပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မိုးကုန်ပိုင်း အောက်တိုဘာလကလည်း ရခိုင်ပြည်နယ်မှာ မုန်တိုင်းဝင်ရောက်ခဲ့လို့ ရိပ်သိမ်းခါနီး စပါးခင်းဧက တသိန်းခွဲလောက် ပျက်စီးခဲ့ရပါတယ်။ လာမယ့်နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံမှာ ဖျက်မိုးတွေ ရွာနိုင်သေးတယ်လို့ မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ခန့်မှန်းအသိပေးထားပါတယ်။