အောက်တိုဘာ ၊ ၂၄
စစ်ကောင်စီတပ်က အခုနှစ်ဇန်နဝါရီလကနေ သြဂုတ်လအထိ ရှစ်လတာအတွင်း တရက်နှစ်ကြိမ်နှုန်းခန့်နဲ့ လေကြောင်းတိုက်ခိုက်မှု ၄၇၈ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အရပ်သား ၃၆၄ ဦးသေဆုံး၊ ၃၃၁ ဒဏ်ရာရတယ်လို့ သုတေသနအဖွဲ့အစည်း တခုဖြစ်တဲ့ ဉာဏ်လင်းသစ် အဖွဲ့က မနေ့ကထုတ်ပြန်ထားပါတယ်။
အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှု ၈၅ ကြိမ်သာရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၃၃၉ ကြိမ် ရှိခဲ့့သလို ဒီနှစ် ရှစ်လတာ ကာလမှာတော့ ၄၇၈ ကြိမ်အထိ ပြုလုပ်ထားတာဖြစ်တဲ့အတွက် အရင်နှစ်တွေထက် လေကြောင်းတိုက်ခိုက်မှုပိုမိုလုပ်ဆောင်လာတာကို တွေ့ရပါတယ်။
“ စစ်ကောင်စီအနေနဲ့ မြေပြင် စစ်ဆင်ရေးတွေ မလုပ်လာနိုင်တဲ့အတွက် လေကြောင်းပိုအားပြုပြီး တိုက်ခိုက်လာတယ် ” လို့ ချင်းလူခွင့်ရေး အဖွဲ့အစည်း (CHRO) ရဲ့ စီမံကိန်း အရာရှိ တဦးက ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်မှု အားကောင်းတဲ့ ကရင်နီဒေသကို လေကြောင်းတိုက်ခိုက်မှုအများဆုံးပြုလုပ်ထားပြီး ဒုတိယအနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်းတိုင်းအတွင်းကို ပြုလုပ်ထားတာတွေ့ရပါတယ်။
အဲဒီလိုတိုက်ခိုုက်မှုကြောင့် ရှစ်လအတွင်း ဘာသာရေးအဆောက်အအုံ ၅၈ ခု၊ စာသင်ကျောင်း ၃၃ ကျောင်းနဲ့ ဆေးရုံဆေးခန်း ၁၅ ခုတို့အပါအဝင် အဆောက်အအုံပျက်စီးမှု ၁၀၆ ခုအထိရှိခဲ့တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအတွင်း နိုင်ငံတဝန်း လေးရက်လျှင် တကြိမ်နှုန်းဖြင့် လေကြောင်းတိုက်ခိုက်မှု ရှစ်ဆယ်ငါးကြိမ်ပြုလုပ်ခဲ့ပြီး အဲဒီပစ်ခတ်မှုကြောင့် အရပ်သား ၆၃ ဦး သေဆုံးခဲ့သလို ၄၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘာသာရေး အဆောက်အအုံ ရှစ်ခု၊ စာသင်ကျောင်း ခုနှစ်ကျောင်းနဲ့ ဆေးရုံဆေးခန်း လေးခု စုစုပေါင်း အဆောက်အအုံ ၁၉ ခု ထိခိုက်ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း ဒုတိယနှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ်မှာတော့ တရက်မှာ တကြိမ်နှုန်းဖြင့် လေကြောင်းပစ်ခတ်မှု ၃၃၉ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား သေဆုံးမှု ၂၆၀ ဦး၊ ထိခိုက်မှု ၈၅ ဦးရှိခဲ့သလို ဘာသာရေးအဆောက်အဦးနဲ့ စာသင်ကျောင်းထိခိုက်မှု ၄၁ ခု ခုရှိခဲ့တယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။
အဲဒီအဖွဲ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပက်သက်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက်တွေ အပြင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေကို အခြေခံပြီး စာရင်းကောက်ယူထားတာလို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီအစီရင်ခံစာအရ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုကို ကြည့်မယ်ဆိုရင်လည်း အခုနှစ်အတွင်း ပိုမိုများပြားလာတာကိုတွေ့ရပါတယ်။
“ တခြားနယ်တွေကျတော့ သူတို့ ခြေလျင်စစ်ကြောင်းထိုးလို့လွယ်တယ် ။တိုက်ခိုက်ရေးအဖွဲ့တွေကလည်း အရမ်းနည်းတယ်ပြောလိုတယ်။ ကျနော်တို့ဆီကျတော့ နယ်မြေစိုးမိုုးမှုလည်းမရနိုင်ဘူး။ လက်နက်၊ လူအင်အားအရ လည်းမိုင်းဆွဲတာများတော့ မြေပြင်မနိုင်လို့ အခုလို လေကြောင်းပိုသုံးလာတာပေါ့ ” လို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ အခြေစိုက် တပ်ရင်း-၆ အဖွဲ့က တာဝန်ရှိသူတဦးကဆိုပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလ ရက်ပေါင်း ကိုးရာကျော်အတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၀၂ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အရပ်သား ၆၈၇ ဦး သေဆုုံးခဲ့သလို ၄၅၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစီရင်ခံစာကဆိုထားပါတယ်။
အဲဒီလိုတိုက်ခိုက်မှုတွေထဲမှာ ၂၀၂၂ ခုနှစ်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က အနန့်ပါ၊ ဒီနှှစ်ဧပြီလမှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာနဲ့KIA ဌာနချုပ်၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက်စ စ် ရှောင်စ ခန်းတို့ကို ဒီလအတွင်း ဗုံးကြဲတိုက်ခိုက်မှုတွေမှာ လူအများအပြားသေဆုံးတဲ့ဖြစ်စဉ်တွေဟာ ထင်ရှားပါတယ်။
စစ်ကောင်စီတပ်က အခုနောက်ပိုင်း လက်နက်ကြီးပစ်ခတ်မှုတွေအပြင် လေကြောင်းပစ်ခတ်မှုတွေကို စစ်ရေးပစ်မှတ်မဟုတ်ဘဲ စစ်ရှောင်တွေနေထိုင်တဲ့ နေရာတွေ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ NUG အစိုးရကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံတချို့ကို စစ်တပ်နဲ့ ပက်သက်တဲ့ လုပ်ငန်းတွေ လုပ်ငန်းရှင်တချို့ကို အရေးယူပိတ်ဆို့တာတွေ လုပ်ဆောင်ထားတာရှိပါတယ်။
အဲဒီလို ပိတ်ဆို့မှုတွေရှိနေပေမယ့် စစ်တပ်ကတော့ စင်ကာပူအခြေစိုက် ကုမ္ပဏီတချို့ကို အသုံးချပြီး လက်နက်နဲ့ လေယာဉ်ဆီတွေ ဝယ်ယူတဲ့နေရာမှာ ငွေပေးချေမှုတွေကို လုပ်ဆောင်တာတွေရှိနေတဲ့ အတွက် တော်လှန်ရေးအဖွဲ့အစည်းတွေကို စင်ကာပူအစိုးရကို စစ်တပ်ကို နောက်ကွယ်ကတဆင့် ထောက်ပ့ံနေတာတွေရပ်တန့်ဖို့ တောင်းဆိုတာတွေလုပ်ဆောင်နေပါတယ်။
“ နိုင်ငံတကာအနေနဲ့ အခုလုပ်နေတာတွေ အပြင်သူတို့ကို ဒီထက်ပို ဖိအားပေးသင့်တယ်လိုပဲ ပြောချင်တယ် ။သူတို့လည်း ဒီလောက်ပဲလုပ်နိုင်တာဆိုတော့ လေကြောင်း ပစ်နေတာတွေ ရပ်ဖို့ ဒီထက်ပိုဖိအားပေးသင့်ပါတယ် ” လို့ ကလေးမြို့ တပ်ရင်း-၆ တာဝန်ရှိသူက ဆိုပါတယ်။