အောက်တိုဘာ၊ ၂၄
မကွေးတိုင်း ပခုက္ကူမြို့နယ်အခြေစိုက် PDF တပ်ဖွဲ့တခုမှာ ထမင်းချက်အဖြစ် တာဝန်ယူထားတဲ့ သက်ကြီး အမျိုးသမီးတဦးကို PDF တပ်ဖွဲ့ဝင်တဦးက မူးရူးပြီး လည်ပင်းညှစ်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းအမှား တခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေ ချန်နယ်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် ညနေ ၅ နာရီကျော်အချိန်မှာ အဲ့ဒီအကြောင်းအရာကို စတင်ဖော်ပြခဲ့တာပါ။
“ပဒပ်စခန်းမှာ ထမင်းချက်ကြွေးနေသော ဘွားတော်ကို ပဒပ်တစ်ကောင်က မူးရမ်းပြီး လည်ပင်းညှစ် သတ် ဖြတ်၊ ခွေးကမှ သခင်အပေါ်မှာ သစ္စာရှိသေးတယ်၊ ခွေးနဲ့တောင် နှိင်းလိုမရတဲ့ အောက်တန်းအကျဆုံး ကောင်တွေ’’(မူရင်းအရေးအသားအတိုင်း)လို့ ရေးသားဖြန့်ဝေထားပြီး Like ပြုလုပ်သူ ၂၉၁ ဦး၊ ကြည့်ရှု့သူ ၂၇၁၂၃ ဦး၊ ပြန်လည်မျှဝေသူ ၂၃ ဦးအထိ ရှိခဲ့ပါတယ်။
အဲဒီပို့စ်ကိုပဲ Ba Nyunt , Truth Media,Ye’ Ba Nyein Telegram Chnnel တွေကလည်း ပြန်လည်ဖြန့်ဝေ နေပြီး လူမှုကွန်ရက်တွေမှာ ဆက်လက်ပျံ့နှံ့နေတာပါ။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ DNA Fact Check အဖွဲ့က စစ်ဆေးကြည့်တဲ့အခါ ဒေါ်လှမှီဟာ တစုံတဦးက သတ်ဖြတ်လို့ သေဆုံးရတာမဟုတ်ဘဲ ရောဂါနဲ့သေဆုံးခဲ့တာလို့ အတည်ပြုနိုင်ခဲ့ပါတယ်။
ဒေါ်လှမှီဟာ မကွယ်လွန်မီ ဆယ်ရက်ကြာလောက် ကျန်းမာရေးမကောင်းရာက ရောဂါပြင်းထန်လာချိန်မှာ အချိန်မီဆေးကုသနိုင်ခြင်းမရှိတာကြောင့် စက်တင်ဘာ ၆ ရက်မှာ ကွယ်လွန်ခဲ့တာလို့ ပခုက္ကူခရိုင် PDF တပ်ရင်း ၁၄၊ တပ်ခွဲ ၂ တာဝန်ခံက DNA ကိုပြောပါတယ်။
“မဆုံးခင် ၃ ရက်လောက်အလိုကမှ အမေက ဗိုက်အောင့်တယ်ဆိုတော့ ကျွန်တော်တို့အဖွဲ့က ရွာဆေးခန်းမှာ ပဲပြပေးတာ၊ နောက်နေ့ ပခုက္ကူကိုလွှဲတယ်လို့ဆိုတော့ မိုးတွေကလဲရွာလို့ ကားလဲသွားမရဆိုတော့ ကားသွား လို့ရတဲ့နေရာအထိလှည်းနဲ့ခေါ်ပြီးကားနဲ့ပို့ဖို့လုပ်နေတဲ့အချိန် အမေလမ်းမှာဆုံးသွားတာ”လို့ သူကပြောပါ တယ်။
ဒေါ်လှမှီ မကွယ်လွန်ခင် ဆေးကုသမှုခံယူခဲ့တဲ့ ကျေးရွာဆေးခန်းက ဆရာဝန်ကို ဆက်သွယ်မေးမြန်း ရာမှာလည်း “ဗိုက်အောင့်တဲ့ရောဂါနဲ့ရောက်လာတာ၊ တယောက်ယောက်လုပ်တဲ့ ဒဏ်ရာမဟုတ်ဘူး၊ ဝမ်းတွင်းရောဂါပေါ့ဗျာ၊ ကျွန်တော့စိတ်ထင် အစာအိမ်အူပေါက်တဲ့ရောဂါလက္ခဏာ ကျွန်တော်တို့ ဆေး အခေါ်တော့ ပါမိုးရှင်းလို့ခေါ်တာပေါ့၊ ကျွန်တော့်ဆီမှာလဲ ခွဲစိတ်ခန်းမရှိတော့ ပခုက္ကူကို လွှဲရမှာ အဲဒီနေ့က မိုးတွေတအားရွာတာ လမ်းတွေက ဘယ်လိုမှ ကားမောင်း လို့မရတော့ တညစောင့်လိုက်တယ်ပေါ့၊ နောက် နေ့မနက်မှာ ပို့ဖို့ကြိုးစားတဲ့အချိန်မှာ ရောဂါပိုးဝင်ပြီးတော့ အဲရောဂါနဲ့ပဲဆုံးတာပါ”လို့ DNA ကို ပြော ပါတယ်။
ဒါ့အပြင် လွတ်လပ်တဲ့သတင်းဌာနတခုဖြစ်တဲ့ Mandalay Free Press-MFP ကနေလည်း ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) ပခုက္ကူခရိုင် တပ်ရင်း (၁၄) တပ်ခွဲ (၂)က ရဲမေဒေါ်လှမှီဟာ အသည်းနဲ့ ဆိုင်တဲ့ ရောဂါကြောင့် သေဆုံးခဲ့တယ်လို့ ရေးသားထားတာကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။
ပခုက္ကူခရိုင်တပ်ရင်း ၁၄ ၊ တပ်ခွဲ ၂ ရဲ့ ပို့စ်မှာလည်း ဒေါ်လှမီဟာ သူတို့တပ်ဖွဲ့အတွက်အရေးပါသူ တဦး ဖြစ်ပြီး ကျန်းမာရေးကြော င့်ကွယ်လွန်ခဲ့ရကြောင်း ဖော်ပြထားတာကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
ဒ့ါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်း အရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကိုရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြ တာရှိတဲ့အတွက် အလွယ်တကူမယုံကြည်ဖို့၊ ပြန်ပြီးမမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့နဲ့ DNA Fact Check Team ကို ဒီနေရာကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပေးနိုင်ပါတယ်။