စစ်ရှောင်တွေအတွက် ရံပုံငွေရှာတဲ့ ကျေးလက်ဖျော်ဖြေပွဲ

အောက်တိုဘာ၊ ၂၄
 
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အခြေစိုက် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းဟာ အခုလအတွင်း ဒေသတွင်းကျေးရွာတချို့မှာ လှည့်လည်ကပြ ဖျော်ဖြေရင်း စစ်ဘေးရှောင်တွေအတွက် ရံပုံငွေရှာဖွေနေပါတယ်။
 
“ တော်လှန်ရေး အနုပညာရံပုံငွေ ” လို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီအစီအစဉ်က ရလာတဲ့ ငွေကြေးတွေကို ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာတဝိုက်က မီးဘေးသင့်ပြည်သူတွေ အပါအဝင် ဒေသခံစစ်ရှောင်တွေအတွက် သုံးစွဲမှာဖြစ်တယ်လို့ အဲဒီသပိတ်အင်အားစုက အသိပေးထားပါတယ်။
 
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းဟာ အောက်တိုဘာ ၁၂ ရက်ကစလို့ ဒီကနေ့အထိ အဲ့ဒီလို ရန်ပုံငွေ ပွဲခြောက်ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီကနေ ရလာတဲ့ အလှူငွေတွေနဲ့ ညောင်ပင်ကြီးရွာ တဝိုက်က နေအိမ်မီးရှို့ခံခဲ့ရတဲ့ အိမ်ထောင်စု တရာကျော်ကို ကူညီထားပြီးဖြစ်တယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းက အသိပေးထားပါတယ်။
 
ဆားလင်းကြီးမြို့ မြောက်ဘက်၊ မုံရွာမြို့တဖက်ကမ်းက ညောင်ပင်ကြီးရွာ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ ဇွန်လအတွင်း စီးနင်းတိုက်ခိုက်ခဲ့ကြပြီးနောက် စစ်ကောင်စီက အဲဒီရဲစခန်းအနီးတဝိုက် နေအိမ်ဒါဇင်နဲ့ချီကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
 
အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီဟာ နိုင်ငံတဝန်းက နေအိမ် ရှစ်သောင်းဝန်းကျင်အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းအတွင်းက နေအိမ် ၆၀၀,၀၀ နီးပါးအထိ ပါဝင်ကာ အများဆုံးဖြစ်နေတာပါ။
 
ဆားလင်းကြီးမြို့နယ်မှာတော့ မီးရှို့ခံရတဲ့ နေအိမ် နှစ်ထောင်ဝန်းကျင် ရှိနေတယ်လို့ လေ့လာစောင့်ကြည့်တဲ့ စစ်တမ်းတွေမှာ ဖော်ပြကြပါတယ်။
 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရှိနေသလို စစ်ကောင်စီရဲ့ နမခ စစ်ဌာနချုပ်ရှိရာ မုံရွာမြို့နဲ့ ချင်းတွင်းမြစ်သာခြားတဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့တာတွေ မကြာမကြာလုပ်တတ်တာကြောင့် ဒေသခံတွေ ပြေးလွှားတိမ်းရှောင်ကြရလေ့ ရှိပါတယ်။
 
ဓာတ်ပုံ – Aung Khant Paing