မုံရွာမှာ PDF တိုက်ခိုက်လို့ တပ်သားနှစ်ဦးသေဆုံးအပြီး စစ်တပ်ကပစ်လို့ အရပ်သားနှစ်ဦးသေဆုံး

အောက်တိုဘာ၊ ၂၄
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အောက်တိုဘာလ ၂၃ ရက်၊ မနက် ၇ နာရီ လောက်မှာ တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ အရပ်သားနှစ်ဦး သေနတ်မှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
“ တိုက်ပွဲပုံစံဖြစ်ပြီးတော့ စစ်တပ်က နှစ်ယောက်သေသွားတယ်။ အဲ့မှာ သူတို့က ပြန်ပစ်တော့ လမ်ပေါ်ဖြတ်သွားတဲ့ လူနှစ်ဦးထိပြီး ဆုံးသွားတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် သုံးဆယ်ကျော်အရွယ် အမျိုးသားတဦးနဲ့ အမျိုးသမီး တဦး သေဆုံးသွားခဲ့ပြီး လူမူကူညီရေးအသင်းကားနဲ့ မုံရွာမြို့ ဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်ရတယ်လို့ သူကဆက်ပြောပါတယ်။
 
မုံရွာမြို့၊ ကျောက်ဆစ်ပုံရွာအခြေစိုက် အမတ(၅၀၈) အမြောက်တပ်ကနေ သာစည်ကျေးရွာဖက် ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ နောက်ချန်စစ်ကြောင်းကို သာစည်လမ်းပေါ်ရှိ TTC ကျောင်းအနီးမှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သလ္လာဝတီကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
အဲဒီ ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးရဲ့ အလောင်းတလောင်းနဲ့ MA-1 သေနတ် တလက်၊ ကျည်ဘောက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ အဲဒီအဖွဲ့က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
 
အဲဒီ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ စစ်ကောင်စီတပ်တွေဟာ လက်ရှိမှာ သာစည်ကျေးရွာဖက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပြီး မြို့တွင်းလမ်းမတွေမှာလည်း လုံခြုံရေး တိုးမြှင့်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ မုံရွာမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ဓာတ်ပုံ – သလ္လာဝတီ ကာကွယ်ရေးအဖွဲ့