အောက်တိုဘာ၊ ၂၃
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က ပုဏ္ဏားကြီးကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အရပ်သား ရှစ်ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က ဖမ်းဆီးပြီး နှိပ်စက်ခဲ့ရာ တဦးသေဆုံးခဲ့ပေမယ့် အလောင်းပြန်မပေးဘူးလို့ ဒေသခံထံက သိရပါတယ်။
” တယောက်ကို ရိုက်နှက်ရင်း လက်လွန်သေဆုံးသွားတယ်ဗျ။ အဲ့ဒါကိုလည်း အလောင်းကို ပြန်မရသေးဘူးဗျ ခုချိန်ထိ ” လို့ လုံခြုုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၅ နှစ်အရွယ် ကိုကျော်အေး ဖြစ်တယ်ဆိုတာ ပြန်လွတ်လာသူတွေရဲ့ ပြောကြားချက်အရ သိရပေမယ့် တခြားအချက်အလက်တွေတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ်က ကျန်တဲ့သူ ခုနှစ်ဦးကို မနေ့က ပြန်လွှတ်ပေးလိုက်ပေမယ့် အဲဒီသူတွေဟာ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရရှိခဲ့လို့ ဆေးကုသမှု ခံယူနေရတယ်လို့လည်း အဲဒီဒေသခံအမျိုးသားက ဆိုပါတယ်။
ကန့်ဘလူမြို့နယ် မြောက်ပိုင်း ချပ်သင်းတိုက်နယ်၊ စံပြကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအင်အား တရာဝန်းကျင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်၊ မနက် ၆ နာရီခန့်မှာ ပုဏ္ဏားကြီးရွာထဲ စစ်ကြောင်းဝင်လာပြီး ဒေသခံပိုင်ပစ္စည်းတွေကို ယူဆောင်ကာ အရပ်သား ရှစ်ဦးကို ဖမ်းဆီးခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားသူတွေကို ပုဏ္ဏားကြီးရွာနဲ့ သုံးမိုင်လောက်ဝေးတဲ့ သူတို့တပ်အထိုင်ချထားတဲ့ ချပ်သင်းတိုက်နယ်၊ စံပြကျေးရွာကို ခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီလို ဖမ်းဆီးခံလိုက်ရလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက စံပြကျေးရွာထဲအထိ စီးနင်းဝင်ရောက်ပြီး လိုက်လံကယ်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဟာ အထိုင်ချထားတဲ့ စခန်းဘန်ကာတွေထဲ ရောက်သွားလို့ ကယ်နိုင်ခဲ့ခြင်း မရှိဘူးလို့ ဒေသခံအမျိုးသားက ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ ပုဏ္ဏားငယ်ကျေးရွာအနီး ရောက်ရှိနေတာဖြစ်ပြီး ကိုးတောင်ဘို့တိုက်နယ်နဲ့ ချပ်သင်းတိုက်နယ်က ဒေသခံထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
အာဏာသိမ်းချိန်ကနေ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သား သေဆုံးသူပေါင်း ၄,၁၃၁ ဦးအနက် စစ်ကောင်စီရဲ့ အချုပ်၊ ထောင်၊ စစ်ကြောရေး စတဲ့နေရာတွေမှာ သေဆုံးသူပေါင်း ၁,၄၄၃ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က စက်တင်ဘာလ ၃ဝ ရက်က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – AFP (ပုံဟောင်း)