တီးတိန်မှာ စစ်သားတဦး ချင်းတော်လှန်ရေးတပ်ထံ ထွက်ပြေးလာ

အောက်တိုဘာ၊ ၂၃
 
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းတပ်စခန်းက တပ်သားတဦး အောက်တိုဘာလ ၂၀ ရက်က စစ်ကောင်စီတပ်ကို စွန့်ခွာထွက်ပြေးလာတယ်လို့ ချင်းဒေသ ကာကွယ်ရေးတပ် (CDF) CDM Siyin (စီးယင်း)ထံက သိရပါတယ်။
 
” အခု သူ့ကို လုံခြုံတဲ့နေရာ ပို့ဖို့ စီစဉ်ဆောင်ရွက်နေတုန်း၊ မပို့ရသေးဘူးဗျ ” လို့ အဲဒီအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
အဲဒီစစ်ကောင်စီတပ်သားဟာ ဘာကြောင့် အခုလို ထွက်ပြေးလာတယ်ဆိုတာကိုတော့ အဲဒီတာဝန်ရှိသူက ဖြေကြားဖို့ ငြင်းဆိုပါတယ်။
 
အခုလို ပြည်သူ့ကာကွယ်ရေးတပ်တွေထံ ထွက်ပြေးလာသူဟာ ကိုယ်ပိုင်အမှတ် (တ/ ၅၄၅၅၅၂) တပ်သားစိုင်းဇော်ထွေးဟာ စစ်ကောင်စီတပ် ခလရ (၂၆၉) တပ်မှ ဖြစ်ကာ လက်ရှိမှာတော့ သိုင်းငင်းစခန်းမှာ တာဝန်ကျနေသူ ဖြစ်တယ်လို့ သိရပါတယ်။
 
” လက်နက်တော့ မပါဘူးဗျ။ လက်နက်မပါရင် ကျွန်တော်တို့ ဆုငွေပေးတာတော့ မရှိဘူး ” လို့ တာဝန်ရှိသူက ပြောပါတယ်။
 
စစ်ကောင်စီတပ်ကို စွန့်ခွာတဲ့ စစ်သားနဲ့ရဲတွေကို လက်နက်ပါရင် ဆုကြေးငွေ သိန်းငါးဆယ်ပေးတယ်လို့ သူက ဆက်ပြောပါတယ်။
 
အဲဒီတပ်သားကို လက်ရှိမှာတော့ လွတ်မြောက်နယ်မြေထဲ ရောက်တဲ့အထိ လုံခြုံစွာ နေနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ချင်းဒေသ ကာကွယ်ရေးတပ် (CDF) CDM Siyin (စီးယင်း) တာဝန်ရှိသူက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ်( ၉၃၀) ထောက်ပို့ ပို့ဆောင်ရေးတပ် ဒုတပ်ကြပ်တဦး (CDF)စီးယင်းထံ CDM ပြုလုပ်ခဲ့ပါသေးတယ်။
 
စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်က စပြီး ဒီကနေ့အထိ (CDF)စီးယင်းထံ စစ်ကောင်စီတပ်ကို စွန့်ခွာလာပြီး CDM ပြုလုပ်သူ ဆယ်ဦးကျော်ရှိပြီလို့လည်း သိရပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီကို စွန့်ခွာလာသူနဲ့ တော်လှန်ရေးမှာပူးပေါင်းသူ စစ်သား ၃,၂၃၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀,၃၅၆ ဦး ရှိပြီလို့ ပြီးခဲ့တဲ့စက်တင်ဘာ ၇ ရက်က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – CDF Siyin