စစ်ကောင်စီက ရှမ်းနီတပ်ဖွဲ့ကို အသုံးချနေလား

အောက်တိုဘာ၊ ၂၃
 
နာရီပိုင်းအတွင်း ပြာကျသွားတဲ့ ရွှေမှော်ထဲက ဈေးဆိုင်ခန်းတွေကို သူ ပုန်းအောင်းနေရာ သစ်ပင်တပင်ပေါ်ကနေ အထိတ်တလန့် ငေးကြည့်နေရုံကလွဲလို့ ကိုကျော်ဦးတယောက် ဘာမှမတတ်နိုင်ခဲ့ပါဘူး။
 
သိပ်မကြာသေးခင်ကအထိ သူနေထိုင်ကျင်လည်ခဲ့တဲ့ ကူးဆိပ် ရွှေမှော်တခုလုံးကတော့ မီးဟုန်းဟုန်း တောက်လောင်နေသလို အဲဒီမှာနေထိုင်ခဲ့ကြသူတွေဟာလည်း သူ့လိုပဲ အော်ဟစ်ပြေးလွှားခဲ့ကြရတာပါ။
 
“ ဗမာကောင်တွေ ထွက်သွား၊ အလကားကောင်တွေ PDFနဲ့ KIA ကို -င်ခံနေတဲ့ကောင်တွေ ထွက်သွား ” ဆိုတဲ့ ရုန့် ရင်းကြမ်းတမ်းတဲ့ ဆဲဆိုကြိမ်းမောင်းသံတွေကိုလည်း ကိုကျော်ဦးတယောက် အခုအထိ ကောင်းကောင်းမှတ်မိနေပါသေးတယ်။
 
ဗန်းမောက်မြို့နယ် အနောက်မြောက်ဘက်၊ ရှမ်းနီဒေသ မံအင်မင်းကုန်းကျေးရွာအုပ်စုထဲက ကူးဆိပ်ရွှေမှော်ဟာ ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ ရက်မှာ အဲဒီလိုအခြေအနေတွေနဲ့ ကြုံခဲ့ရပြီး ဖျက်ဆီးခံခဲ့ရတာပါ။
 
စုစုပေါင်း အိမ်ခြေခုနှစ်ဆယ်ကျော်လောက်ရှိတဲ့ ကူးဆိပ်ရွှေမှော်ဈေးတန်းကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အမှတ်အသားပါတဲ့ ယူနီဖောင်းတွေ ဝတ်ဆင်ထားပြီး လက်နက်ခဲယမ်း အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ လူငါးဆယ်ဝန်းကျင်က အဲဒီနေ့ မွန်းလွဲပိုင်းကစပြီး စီးနင်းဖျက်ဆီးခဲ့တာလို့ ကိုကျော်ဦးက ပြောပါတယ်။
 
“ ဗမာတွေ မမြင်ချင်ဘူးပါ့ညယ်၊ အဲ့လိုမျိုး မီးရှို့ပစ်လိုက်တာ၊ တရွာလုံး ရှို့ပစ်လိုက်တာ၊ မလောင်တဲ့အိမ်တွေလည်း ထပ်ရှို့တယ်၊ ကျွန်တော်တို့ လူချည်းလွတ်အောင် ထွက်ပြေးရတာ ဘာမှမယူနိုင်ဘူး ” လို့ သူကပြောပါတယ်။
 
ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေကို အော်ဟစ်ပြောဆိုရင်း အိမ်တွေကို ရှာဖွေတာ၊ လူတွေကို ရိုက်နှက်တာတွေ လုပ်ခဲ့တဲ့ အဲဒီလက်နက်ကိုင်တွေက ရွာသား သုံးဦးကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ကိုကျော်ဦးက ပြောပါတယ်။
 
လုံခြုံရေးအခြေအနေအရ ကိုကျော်ဦးဟာ သူ့လုပ်ငန်း၊ ဇာတိ စတဲ့အချက်အလက်တွေကို မပြောကြားခဲ့ပါဘူး။
 
အဲဒီနေ့ မနက်ပိုင်းက ကူးဆိပ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ပင်ဟင်းခါးနဲ့ သာယာကုန်းကြားမှာ စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။
 
ဒီလိုမိုင်းဆွဲတိုက်ခိုက်ခံရပြီး မကြာခင်မှာပဲ ကူးဆိပ်နဲ့ နောင်ယောရွာကို SNA က ဝင်ရောက်စီးနင်း မီးရှို့ခဲ့တယ်လို့ Banmauk Revolution-BR က သတင်းထုတ်ပြန်ထားပါတယ်။
 
🔸SNA နဲ့ စစ်ကောင်စီတပ် ပူးပေါင်းစစ်ဆင်
 
ကူးဆိပ်နဲ့ နောင်ယော အပါအဝင် ဗန်းမောက် အနောက်ဖက်ခြမ်းကရွာတွေမှာ SNA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေ မကြာခဏ ထိတွေ့တိုက်ခိုက်မှုရှိလာခဲ့တာ ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်း ကာလကတည်းကပါ။
 
၂၀၂၂ ခုနှစ်၊ ဇွန်လကစတင်ပြီး SNA ဟာ စစ်ကောင်စီတပ်တွေနဲ့ ပေါ်ပေါ်ထင်ထင် ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ပြုလုပ်လာတယ်လို့ မြေပြင်မှာရှိတဲ့ သတင်းထောက်တွေက ဆိုပါတယ်။
 
“ SNA ဟာ စစ်တပ်နဲ့ပေါင်းနေတယ်၊ ပြီးတော့ လူမျိုးရေးကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေ လုပ်နေတယ်ဆိုတာ ကျွန်မတို့ မှတ်တမ်းပြုစုထားတာတွေ ရှိပါတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ သတင်းထောက်က ပြောပါတယ်။
 
ဒီမှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ နှစ်နှစ်တာအတွင်း ဗန်းမောက်မြို့နယ် တခုတည်းအတွင်းမှာ SNA နဲ့ PDF တိုက်ပွဲပေါင်း ၁၂၀ ကျော်ရှိခဲ့ပြီး ကိုးဆယ်ဝန်းကျင်ဟာ SNA နဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်းတိုက်ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ဗမာနဲ့ ရှမ်းနီမဟုတ်တဲ့ လူမျိုးတွေ နေထိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေမှော်တွေအပါအဝင် ကျေးရွာ ၁၂ ရွာကို မီးရှို့ခဲ့တဲ့အနက် ခြောက်ရွာမှာ စစ်ကောင်စီတပ်သားတွေ ပါ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
 
SNA ဘက်ကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းမှု မရှိကြောင်းနဲ့ ဒါဟာ KIA ရဲ့စွပ်စွဲမှုတွေသာ ဖြစ်တယ်လို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ ငြင်းဆန်ထားတာကို သတင်းထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။
 
🔸ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)
 
ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ကို ရှမ်းနီပြည်နယ်ရရှိဖို့၊ ရှမ်းနီအမျိုးသားရေး ဆောင်ရွက်ဖို့ဆိုတဲ့ အချက်တွေအပါအဝင် ရည်ရွယ်ချက် ငါးရပ်နဲ့ ၁၉၈၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
 
ဖွဲ့စည်းတည်ထောင်စဉ်က နောက်ကွယ်မှာ စစ်တပ်ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ၂၀၀၉ ခုနှစ် ကစတင်ပြီး နယ်မြေလုတာ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းက ရွှေလုပ်ငန်းခွင်တွေမှာ အခွန်ကောက်တာ၊ မူးယစ်ဆေးဝါးနှိမ်နင်းတာနဲ့ လူစုဆောင်းမှု စတာတွေကို အကြောင်းပြုပြီး စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။
 
၂၀၂၁ ခုနှစ်၊ ဩဂုတ်လအထိ SNA နဲ့ စစ်ကောင်စီတပ်တွေကြားမှာ တိုက်ပွဲတွေ ရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စက်တင်ဘာလကစပြီး သူတို့ကြားမှာ တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေ ပျောက်ကွယ်သွားခဲ့ပါတယ်။
 
ဒါ့အပြင် SNA ထိန်းချုပ်နယ်မြေတချို့မှာ စစ်ကောင်စီက စစ်ကြောင်းထိုးရင်း ရွာတွေကို မီးရှို့တာ၊ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လို့ ဒေသခံတွေ ထိခိုက်သေဆုံးရတာတွေအတွက် တစုံတရာ မှတ်ချက်ပြုတုံ့ပြန်တာမျိုး မရှိခဲ့ပါဘူး။
 
ဒါနဲ့ပတ်သက်လို့ SNA ရဲ့ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းနဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တချို့ကို DNA သတင်းဌာန က ဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ်မရရှိခဲ့ပါဘူး။
 
🔸စစ်တပ်ရဲ့ လူမျိုးရေးသွေးခွဲမှု
 
SNA က ဒီလိုတွေ လုပ်ဆောင်နေတာဟာ မြန်မာနိုင်ငံတွင်းက မတူကွဲပြားတဲ့ လူမျိုးစုတွေကြားမှာ စစ်တပ်က ခေတ်အဆက်ဆက် သုံးလာခဲ့တဲ့ နည်းဗျူဟာတွေဖြစ်ပြီး လက်ရှိအချိန်မှာတော့ PDF တွေဟာ ဗမာအများစု ဖြစ်တာကြောင့် ဗမာဆိုတဲ့ ခေါင်းစဉ်ပါလာတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။
 
“ ကျွန်တော်တို့ ဗကပ ပြိုတာလည်း အချင်းချင်းကြားထဲမှာရှိတဲ့ အက်ကြောင်းကို စစ်အစိုးရက သပ်ရိုက်ထည့်လိုက်တာပဲ၊ DKBA ကွဲတယ်ဆိုတာလည်း ဒီလိုပဲ မြိုင်ကြီးငူဆရာတော်ကို စစ်အစိုးရက စည်းရုံးပြီး DKBA ထဲက ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာကြားက အက်ကြောင်းကို သပ်ရိုက်ထည့်လိုက်တာပဲ ” လို့ အသက် ၇၆ နှစ်အရွယ် ဦးသန်းစိုးနိုင်က ဆိုပါတယ်။
 
၁၉၈၉ ခုနှစ်မှာ ပြိုကွဲသွားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ၁၉၉၅ ခုနှစ်မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ကနေ ဒီမိုကရက်တစ် တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော် (DKBA) တို့ ဆိုပြီး ခွဲထွက်သွားတာကိုသူက ရည်ညွှန်းပြောကြားတာဖြစ်ပါတယ်။
 
ဦးသန်းစိုးနိုင်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အဖွဲ့ဝင်ဟောင်း ဖြစ်သလို နိုင်ငံရေး၊ စစ်ရေး၊ တိုင်းရင်းသားအရေး စာအုပ်တွေ၊ ဆောင်းပါးတွေ ရေးသားထုတ်ဝေထားသူတဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဗကပ အဖွဲ့ဝင်အဖြစ်ရှိစဉ်က SNA နဲ့ ထိတွေ့ဆက်ဆံဖူးသူ တဦးလည်း ဖြစ်ပါတယ်။
 
” SNA က စဖွဲ့ကတည်းက KIA ကို အဓိက တိုက်ချင်တာဆိုတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကြားထဲမှာရှိနေတဲ့ အမျိုးသားရေး ကွာဟချက်တွေကို စစ်ကောင်စီက အသုံးချနေတယ် ” လို့ဦးသန်းစိုးနိုင်က ပြောပါတယ်။
 
🔸စစ်တပ်နဲ့ပေါင်းပြီး PDF ကိုတိုက်
 
SNA ဟာ အာဏာမသိမ်းခင်က ဗန်းမောက်မှာ တပ်ဖွဲ့အနေနဲ့ မရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နှောင်းပိုင်းကာလတွေမှာ ဟုမ္မလင်း အခြေစိုက်စခန်းတွေကတဆင့် ဗန်းမောက်အနောက်ခြမ်းကို ဝင်ရောက်လာခဲ့ပြီး လူငယ်တွေ စုဆောင်းခဲ့တယ်လို့ ကိုယ်တိုင် SNA ထဲ ဝင်ရောက်ခဲ့ဖူးတဲ့ ရဲဘော်သူရ က DNA ကိုပြောပါတယ်။
 
SNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆေစိုင်းထွန်းက BNI သတင်းဌာနနဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက အင်တာဗျူး ဖြေကြားရာမှာ စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့တာကို ငြင်းဆိုထားပြီး စစ်ကောင်စီရော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဘက်ကပါ ဆက်သွယ်လာတာ မရှိသေးဘူးလို့ ဆိုထားပါတယ်။
 
ကိုသူရကတော့ အဲဒီကာလမှာ SNA တပ်ဖွဲ့ဝင်တယောက် ဖြစ်နေပြီဖြစ်ပြီး NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေနဲ့ မပတ်သက်ဖို့ တပ်ဖွဲ့တွင်း စည်းမျဉ်းထုတ်ပြန်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
 
“ ကိုယ်တိုင်ကလည်း ရှမ်းနီဖြစ်တယ်၊ သူတို့ကလည်း စစ်တပ်ကို တိုက်မယ့်အဖွဲ့လို့ ထင်ခဲ့တာ၊ အဲ့ဒါကြောင့် ဝင်ခဲ့တာ၊ ဒါပေမယ့် သူတို့က စစ်တပ်နဲ့ပေါင်းပြီး PDF တွေကို ပြန်တိုက်တယ်၊ ရွာကလူတွေကိုလည်း အခွန်ကောက်တာတွေ မောင်းထုတ်တာတွေ လုပ်လို့ ထွက်ပြေးလာတာ ” လို့ ကိုသူရက ရှင်းပြပါတယ်။
 
လက်ရှိမှာ ဟုမ္မလင်းနဲ့ ထိစပ်နေတဲ့ ဗန်းမောက်မြို့နယ် အနောက်ခြမ်းတခုလုံးကို SNA က စိုးမိုးထားပြီး ဒေသခံတွေရဲ့ ဖုန်းဆင်းကတ်တွေကို သိမ်းဆည်းတာ၊ သတ်မှတ်ထားသူမဟုတ်ဘဲ ဖုန်းပြောခွင့်မရှိတာ၊ ဖုန်းခိုးပြောတာကို မိရင်ဖမ်းဆီးနှိပ်စက်တာ၊ ငွေတောင်းတာ၊ ရွာထဲ အဝင်/အထွက်ကို ငွေကောက်ခံတာ၊ စစ်ဆေးရေးတင်းကြပ်တာတွေ ရှိနေတယ်လို့ ဒီဒေသတွေကနေ ထွက်လာသူတွေဆီက သိရပါတယ်။
 
အင်တာနက် ပြတ်တောက်တာ၊ ဖုန်းဆင်းကဒ်တွေ အသိမ်းခံရလို့ သတင်းအချက်အလက်တွေ ပြတ်တောက်သွားခဲ့ပေမယ့် ဒေသခံတွေကြားမှာ လူမျိုးရေးကို ဦးတည်တဲ့ ပဋိပက္ခတွေ မရှိခဲ့ဖူးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
ဒေသခံတွေက ဒီလိုဆိုကြပေမယ့် SNA ကတော့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လထဲမှာ KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြည်သူကို အကာကွယ်ယူပြီး မံစီကြီးကျေးရွာကို ထိုးစစ်ဆင်နေတယ်လို့ The Voice of Shan -Ni ဆိုတဲ့ မီဒီယာကတဆင့် ပြောဆိုခဲ့ပါတယ်။
 
🔸လူမျိုးရေးသွေးထိုးမှု
 
ဒါ့အပြင် ၂၀၂၂ ခုနှစ် ၊စက်တင်ဘာ ၂၁ ရက်နေ့မှာ ရှမ်းနီတွေဟာ လူမျိုးတုန်းသတ်ဖြတ်ခံရတော့မယ့် အခြေအနေကို ရင်ဆိုင်နေရတယ်ဆိုတဲ့ အသိပေးပန်ကြားချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်။
 
ဒီထုတ်ပြန်ချက်ထဲမှာ “ KIA နှင့် PDF တို့အား (၂၁.၉.၂၀၂၂)ရက်နေ့တွင် ရှေ့တန်းစစ်မျက်နှာ၌ (KIO/KIA) အထက်အရာရှိမှ ညွှန်ကြားစေခိုင်းသော အမိန့်ပေးစကားများတွင် (ရှမ်းနီလူမျိုး ကလေး၊ လူကြီးပါမကျန် ဘာသာရေး သာသနာရေးပါမကျန် အကုန်သတ်ဖြတ်ရှင်းလင်းပစ်ရန်) အမိန့်ပေးစေခိုင်းသည့် ညွှန်ကြားချက်အား (ကချင်ဘာသာဖြင့်) အချက်အလက်များကို ဖမ်းယူရရှိခဲ့သည် ” ဆိုတဲ့ အချက်တွေ ပါရှိပါတယ်။
 
ဒီထုတ်ပြန်ချက်ကို မံစီကြီးကျေးရွာက လူတွေဆီကိုလည်း လာရောက်ဟောပြောတာ၊ လက်ကမ်းစာစောင် ဝေတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မံစီကြီးကျေးရွာ အပိုင်ထဲမှာ လူဉီးရေ ခြောက်ထောင်ကျော်နေထိုင်ကြပြီး လက်ရှိမှာတော့ သုံးပုံ နှစ်ပုံဟာ နေရပ်ကို စွန့်ခွာသွားပြီဖြစ်သလို ကျန်ရှိခဲ့သူတွေကိုလည်း အလွယ်တကူ ဆက်သွယ်လို့ မရဘူးလို့ စစ်ဘေးရှောင်ကူညီရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
 
ဗန်းမောက်အပါအဝင် စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်အတွင်းက SNA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လူဉီးရေ သိန်းနဲ့ချီရှိနိုင်တယ်လို့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တွက်ချက်ခန့်မှန်းနိုင်ပါတယ်။
 
ရှမ်းနီနဲ့ ကချင်လူမျိုးစုတွေကြား အရင်ကတည်းက သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာ၊ KIA နဲ့ SNA တပ်တွေကြားမှာ လက်နက်ကိုင်ပဋိပက္ခတွေ ရှိနှင့်ပြီးဖြစ်တာ စတဲ့အချက်တွေကို အာဏာသိမ်းစစ်ကောင်စီက အသုံးချပြီး KIAနဲ့ PDF တွေကို ဖြိုခွဲဖို့ ကြိုးပမ်းလာတယ်လို့ ဉာဏ်အလင်းသစ် သုတေသနအဖွဲ့က စက်တင်ဘာလအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
စစ်အုပ်စုရဲ့ လူမျိုးရေး၊ ဘာသာရေး အသုံးချပြီး အာဏာထိန်းချုပ်ဖို့ ကြိုးပမ်းချက်တွေကို မီးမောင်းထိုးပြတဲ့ အဲဒီအစီရင်ခံစာထဲမှာ စစ်အုပ်စုအနေနဲ့ ရှမ်းနီဒေသက လူမျိုးရေး၊ ဘာသာရေး ဝါဒဖြန့် သွေးခွဲမှုတွေအကြောင်းကိုလည်း ကဏ္ဍတခုအနေနဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။
 
စစ်တပ်ထောက်ခံတဲ့ မီဒီယာတွေနဲ့ လူပုဂ္ဂိုလ်တဦးချင်းဟာ ကချင်နဲ့ ရှမ်းနီလူမျိုးစုကြား လူမျိုးရေးပြဿနာ၊ ဘာသာရေး ကွဲပြားမှုကို ဦးတည်ရေးသားပြီး ဖေ့စ်ဘွတ်ခ်နဲ့ တယ်လီဂရမ်လို လူမှုကွန်ရက်တွေမှာ ဝါဒဖြန့်နေကြတယ်လို့ အဲဒီအစီရင်ခံစာက ထောက်ပြထားပါတယ်။
 
တကယ်တော့ စစ်ကောင်စီက လူမျိုးရေးနဲ့ ဘာသာရေးတွေကို အသုံးချ သွေးခွဲသပ်လျှိုပြီး အင်အားစုတွေ အပြိုင်တည်ထောင်ပေးတာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့ တခုတည်းတော့ မဟုတ်ပါဘူး။
 
ရှမ်းပြည်နယ်မှာဆိုရင် ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ တောင်ကြီးအခြေစိုက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)နဲ့ ကချင်အထူးဒေသ (၁) ပန်ဝါက ဇခုန်တိန့်ယိမ်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ စတာတွေလို အဖွဲ့တွေကိုလည်း တော်လှန်ရေးအင်အားစုတွေကို ဖိနှိပ်ဖို့ အသုံးချတာ ရှိပါသေးတယ်။
 
အလားတူ ဗမာတွေအများစု နေထိုင်ရာဒေသဖြစ်ပြီး ခုခံတော်လှန်မှု အားကောင်းနေတဲ့ စစ်ကိုင်း၊ မကွေး အညာဒေသကိုလည်း စစ်အုပ်စုက KIA နဲ့ လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်သွေးခွဲဖို့ကြိုးစားနေပါသေးတယ်။
 
စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက “ ဗမာတွေကို အံ့ဩတယ် ” ဆိုပြီး အညာမှာ KIA တပ်တွေ ခြေချလာတဲ့အပေါ် ရည်ရွယ်ပြောဆိုခဲ့ဖူးပါတယ်။
 
ဒါပေမယ့် ဗမာအများစု ဦးဆောင်ပါဝင်နေတဲ့ စစ်အုပ်စုကိုယ်တိုင်ကလည်း သူတို့ကို လိုလားတဲ့ လူမျိုးစုတပ်တွေနဲ့ ပေါင်းပြီး ဗမာအပါအဝင် စစ်အုပ်စု လက်မခံတဲ့ တော်လှန်ရေးအင်အားစုမှန်သမျှကို ဖြိုခွဲဖို့ ကြိုးပမ်းနေတာပါ။
 
နိုင်ငံရေးလေ့လာသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကတော့ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ အခုလို ကာလမှာ လူမျိုးရေးကို ဦးတည်တဲ့ သွေးခွဲတိုက်ခိုက်မှုတွေကို သတိထားကိုင်တွယ်ဖို့ လိုတယ်လို့ ထောက်ပြကြပါတယ်။
 
စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေကို အပြစ်တင်နေရုံနဲ့တော့ ပြဿနာတွေရဲ့ အဖြေကို ရှာတွေ့နိုင်မှာမဟုတ်ဘူးလို့ Progressive Voice တည်ထောင်သူ၊ မြန်မာနိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
 
“ SNA လို၊ ပအို့ဝ်လို အသေးလေးတွေက စစ်အုပ်စုနဲ့ပေါင်းတာကို အပြစ်တင်နေတာထက် ဘာကြောင့် ပေါင်းကြတာလဲ ဆိုတာကို တော်လှန်ရေး အင်အားစုတွေက အဖြေရှာပြီး ဖြေရှင်းဖို့လိုတယ်၊ ဒါမှ ဖက်ဒရယ်ကို သွားနိုင်မယ် ” လို့ သူကပြောပါတယ်။