ထားဝယ် အထူးစီးပွားရေးဇုန်အနီး နေအိမ်အလုံးနှစ်ဆယ်နီးပါးကို စစ်တပ်မီးရှို့

အောက်တိုဘာ၊ ၂၂
 
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အနောက်ဘက်ခြမ်း ထားဝယ်အထူးစီးပွားရေးဇုန် အနီးတဝိုက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အခုလ ၂၀ ရက်၊ မနက်ပိုင်းမှာ မူးဒူးရွာက နေအိမ် ၁၇ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
 
” လမ်းဘေးတလျှောက်တောင် ရှစ်လုံးလောက်ရှိတယ် ရှို့ခံထိတာ၊ ရွာခံတွေတော့ သူတို့ (စစ်တပ်) ဝင်လာကတည်းက ထွက်ပြေးကြတာ၊ အိမ်ထဲရှိတာတွေလည်း အကုန်ပါကုန်မှာ ” လို့ မူးဒူးရွာအနီး နေထိုင်သူ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
အင်အား တရာထက်မနည်းရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မူးဒူးရွာအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ ကျေးရွာတဝိုက်ကို အခုလ ၁၉ ရက်၊ မနက်ပိုင်းကတည်းက စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။
 
” စစ်ကြောင်းဝင်ရင် မီးရှို့တာက လုပ်နေကြပဲ။ အိမ်တွေထဲဝင်ပီး ယူချင်တွေလည်း ယူသွားနေတာ ” လို့လည်း နောက်ထပ် ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
 
ဒေသခံတွေကတော့ အဲဒီအနီးအနားတဝိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိတယ်လို့ စစ်ကောင်စီတပ်က ယူဆတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်တဲ့အနေနဲ့ အခုလို စစ်ကြောင်းထိုးတာ ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။
 
စစ်ကြောင်းထိုးဝင်လာတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေလည်း ရှိနေပြီး အောက်တိုဘာ ၁၉ ရက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပါသေးတယ်။
 
ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မူးဒူးရွာနဲ့ ဆယ်မိုင်ခန့်အကွာ ဘဝါကျေးရွာဘက်ကို ရောက်ရှိနေပြီး ဒေသခံအမျိုးသား ခုနစ်ဦးခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ပြောပေမယ့် အဲဒီအခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။
 
” လမ်းတလျှောက် ကင်းပုန်းတွေလည်း ချထားတယ်ကြားတယ်။ ရွာခံတွေ ဘယ်သူမှ မသွားလာရဲဘူး အဲဘက်တွေ ” လို့လည်း အထက်ပါအမျိုးသားက ပြောပါတယ်။
 
လက်ရှိမှာတော့ ထားဝယ်အထူးစီးပွားရေးဇုန် အနီးတဝိုက် ရွာတွေဖြစ်တဲ့ မူးဒူး၊ ထွက်ဝ၊ ဘဝါ၊ ပရဒတ်၊ ဧကနိ၊ ခမောင်းချောင်း ရွာတွေအပါအဝင် အနီးအနားရွာတွေက ဒေသခံ ထောင်ချီ ဘေးလွတ်ရာ တခြားရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
 
ထားဝယ်မြို့နဲ့ မိုင်နှစ်ဆယ်လောက်ဝေးတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အနီးက အဲဒီကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်လတွေအတွင်းကလည်း စစ်ကြောင်းနှစ်ကြိမ်ထိုးပြီး နေအိမ် သုံးဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
 
ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်လောက်ကတည်းက ရပ်နားထားရတဲ့ ထားဝယ်အထူးစီးပွားရေဇုန် စီမံကိန်းကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြန်လည်စတင်အကောင်ထည်ဖော်မယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားဖူးပါတယ်။
 
ဒေသအတွင်း သုတေသနအဖွဲ့တခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ စစ်တမ်းတွေအရတော့ တနင်္သာရီတိုင်းမှာ ၂၀၂၃ ခုနှစ်အစပိုင်းကနေ စက်တင်ဘာလကုန်အထိ ကိုးလအတွင်း စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ လူနေအိမ် ၆၇၀ လုံးထက်မနည်း ရှိတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media