အရပ်သားတွေအပေါ်မှာ စစ်ရာဇဝတ်နဲ့ လူခွင့်ရေးချိုးဖောက်မှုတွေ ပိုမိုကျူးလွန်နေတယ်လို့ စစ်တမ်းထုတ်ပြန်

အောက်တိုဘာ ၊ ၂၂

အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့  စစ်ရာဇဝတ်မှုတွေအပါအဝင် လူခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရာဇဝတ်မှုတွေကို စစ်ရေးပစ်မှတ်တွေထက် အရပ်သားတွေအပေါ်မှာ ပိုမိုကျူးလွန်နေတယ်လို့ စစ်တမ်းတရပ်က ဖော်ပြပါတယ်။

သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ ပဥွမဏ္ဍိုင်( PMCSG) အဖွဲ့က အောက်တိုဘာလ ၂၂ ရက် ဒီကနေ့ကျင်းပတဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်တဲ့ စစ်တမ်းတွေအရ သိရပါတယ်။

အဲဒီအဖွဲ့က ဒီနှစ် မေလကနေ သြဂုတ်လအထိ လေးလအတွင်းချင်းပြည်နယ် နဲ့ မကွေးတိုင်းမှာ ခရိုင် တခုစီ၊ စစ်ကိုင်းတိုိုင်းမှာ ခရိုင် ငါးခုနဲ့  ရန်ကုန်တိုင်းအတွင်းမှာ ခရိုင် နှစ်ခုစီမှာ စစ်ရာဇဝတ်မှု၊ လူခွင့်ရေးချိုးဖောက်ခံမှုဖြစ်စဉ်တွေကို စာရင်းကောက်ယူခဲ့တာပါ။

စစ်တမ်းတွေအရ ပြည်နယ် တခုနဲ့ တိုင်းသုံးခုအတွင်း စစ်ကောင်စီတပ်နဲ့ အတူ လက်အောက်ခံတပ်တွေဖြစ်တဲ့ ပျူစောထီးအဖွဲ့တွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အခြားအင်အားစုတွေ ကျူးလွန်းခဲ့တဲ့ ပြစ်မှုပေါင်း ၅၂၀  ရှိတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်တွေကို ကျူးလွန်တဲ့နေရာမှာ စစ်ကောင်စီတပ်အပါအဝင် ပျူစောထီးတပ်တွေရဲ့  စစ်ရာဇဝတ်မှု ၂၀၅ ကြိမ်၊ လူအခွင့်အရေးချိုးဖောက်မှု ၁၁၂ ကြိမ်နဲ့ ရာဇဝတ်မှု ၂၇ ကြိမ် ကျူးလွန်ခဲ့သလို PDF တွေနဲ့ ကာကွယ်ရေးတပ်တွေက စစ်ရာဇဝတ်မှု ၃၆ ကြိမ်၊ လူအခွင့်အရေးချိုးဖောက်မှု လေး ကြိမ်နဲ့ ရာဇဝတ်မှု ၃၉ ကြိမ် ကျူးလွန်ခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ရာဇဝတ်မှု အဖြစ် ၂၆၅ မှုအထိရှိခဲ့ပြီး ဖြစ်စဉ်အားလုံးရဲ့ ၅၁ ရာခိုင်နှုန်းအထိ ရှိသလို လူအခွင့်အရေး ချိုးဖောက်မှုအဖြစ် ၁၄၁ ကြိမ်၊ ရာဇဝတ်မှုအဖြစ် ၁၁၄ ကြိမ် ရှိခဲ့တယ်လို့ အဲဒီစစ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီပြစ်မှုပေါင်း ငါးရာကျော်ထဲမှာ မုံရွာခရိုင်အတွင်း ကျူးလွန်းမှုက ၁၁၀ အထိ ရှိခဲ့ပြီး အများဆုံးဖြစ်ကာ ဒုတိယအနေနဲ့ ပြစ်မှုပေါင်း ကိုးဆယ်ကျော်နဲ့ စစ်ကိုင်းခရိုင် ၊ တတိယအနေနဲ့ ပြစ်မှုပေါင်း ၆၈ ခုနဲ့ မကွေးခရိုင်မှာ အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရပ်သားနဲ့ စစ်ရေးပစ်မှတ်တွေအပေါ် ကျူးလွန်မှုကို နှိုင်းယှဉ်ကြည့်မယ်ဆိုလျှင် စစ်ကိုင်းတိုင်းအတွင်း အရပ်သားတွေအပေါ်ကျူးလွန်မှု ၂၄၂ မှုနဲ့ စစ်ရေးပစ်မှတ် ၅၈ ခုရှိပြီး ရန်ကုန်တိုင်းမှာ အရပ်သားပစ်မှတ် ၈၆ ခုနဲ့ စစ်ရေးပစ်မှတ် ၂၃  ခု၊ မကွေးမှာ အရပ်သား ငါးဆယ် နဲ့ စစ်ရေးပစ်မှတ် ၁၈ ခု၊ ချင်းပြည်နယ်မှာ အရပ်သား ၂၁ နဲ့ စစ်ရေးပစ်မှတ် ၂၂ ခုထိရှိခဲ့တယ်လို့ ဆိုပါတယ်။

“ ကျူးလွန်မှုတွေက လက်နက်ကိုင်အချင်းချင်းကျူးလွန်တာမျိုးမဟုတ်ဘဲ နီးစပ်ရာအရပ်သားတွေအပေါ်မှာ ပိုပြီးတော့ ပစ်မှတ်ထားလာတယ်ဆိုတာ သိသာလာတယ်။ ချင်းပြည်နယ် မှာဆိုရင် တိုက်ပွဲတွေပြင်းထန်နေလို့ သူတို့ဆီမှာ စစ်ရေးပစ်မှတ်ကပိုများနေတာပေါ့ ”  လို့ PMCSG အဖွဲ့ရဲ့ တည်ထောင်သူ ကိုယောဇံ ကပြောပါတယ်။

ဒါ့အပြင် အဲဒီဖြစ်စဉ်တွေအတွင်း ဖမ်းဆီးခံရမှု ၇၁၈ ကြိမ်၊ လူသေဆုံးမှု ၄၈၃ ကြိမ်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၁၃ ကြိမ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ လူသေဆုံးမှုဖြစ်စဉ်တွေအတွင်း အမျိုးသား သေဆုံးမှုက ၄၄၅ ကြိမ် နဲ့  အမျိုးသမီးသေဆုံးမှုက ၃၈ ကြိမ်ရှိခဲ့သလို ဖမ်းဆီးခံရမှုမှာ အမျိုးသား ၇၁၈ ကြိမ်နဲ့ အမျိုးသမီး ၃၅၆ ကြိမ်ရှိပြီး ထိခိုက်မှုအနေနဲ့ အမျိုးသား ထိိခိုက်မှု ၂၆ဝကြိမ် နဲ့  အမျိုးသမီး ၅၃ ကြိမ် ရှိခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။