အောက်တိုဘာ ၊ ၂၂
နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်တွေမှာ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို အခု အောက်တိုဘာလ ၂၄ ရက်ကစပြီး ပြန်လည်ခွင့်ပြုပေးသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)နဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေထံက သိရပါတယ်။
“တရားဝင် ကြေညာချက်တခုတော့ မဟုတ်သေးဘူးပေါ့နော်။၂၄ ရက်နေ့မှာတော့ (အောက်တိုဘာ) ထောင်ဝင်စာ ဧည့်တွေ့ခွင့် စပြီးတော့ ခွင့်ပြုပေးမယ်လို့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို အကျဉ်းထောင်ကနေ အသိပေးအကြောင်းကြားတယ်” လို့ PPNM ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုသိုက်ထွန်းဦးက DNA ကို ပြောပါတယ်။
လက်ရှိမှာတော့ အခုလို ထောင်ဝင်စာဧည့်တွေ့ခွင့်ပြုမယ့်အကြောင်း သာယာဝတီထောင်၊ သရက်ထောင်၊ မကွေးထောင်၊ အိုးဘိုထောင်နဲ့ မြင်းခြံထောင်တို့က အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို အကြောင်းကြားထားတာဖြစ်ပြီး ကျန်တဲ့အကျဉ်းထောင်တွေမှာတော့ ဧည့်တွေ့ခွင့် စတင်ခွင့်ပြုမယ့် ရက် ကွာခြားမှုရှိနိုင်တယ်လို့သိရပါတယ်။
‘’အိုးဘိုထောင်မှာတော့ မနေ့စပြီး ကပ်ထားတယ်တွေ့တယ် အဲဒီကြေညာချက်ကို’’ လို့ မန္တလေး၊ အိုးဘိုထောင်မှာအကျဉ်းကျနေတဲ့ နိုင်/ကျဉ်းတဦးရဲ့ ဇနီးက ထပ်မံအတည်ပြုပါတယ်။
အကျဉ်းထောင်အသီးသီးမှာ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ဒီချုပ်အစိုးရလက်ထက် ၂၀၂၀ ခုနှစ် နှောင်းပိုင်းကတည်းက စပိတ်ထားခဲ့တာပါ။
အဲဒီနောက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီက ကိုဗစ်ရောဂါကို အကြောင်းပြပြီး ထောင်ဝင်စာတွေ့ခွင့်ကို ဆက်ပိတ်ထားခဲ့ပါတယ်။
အခုလို ဧည့်တွေ့ခွင့် ပြန်လည်ခွင့်ပြုပေးမယ့်အချိန်မှာတော့ တခါတွေ့ရင် မိသားစုဝင်တဦးနဲ့သာ တွေ့ခွင့်ပေးမှာဖြစ်ပြီး လာတွေ့မယ့်သူတွေအနေနဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား မူရင်း၊ တပတ်တွင်းပြုလုပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာနဲ့ ရဲစခန်းထောက်ခံစာတို့ ယူလာရမယ်လို့ သိရပါတယ်။
ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား(နိုင်/ကျဉ်း)တွေရဲ့ မိသားစုဝင်တချို့ကတော့ ရပ်ကွက်ထောက်ခံစာနဲ့ ရဲစခန်းထောက်ခံစာတွေယူဖို့အတွက် အခက်အခဲရှိနေကြသလို စိုးရိမ်ပူပန်မှုလည်းရှိကြတယ်လို့ ဆိုကြပါတယ်။
“ရပ်ကွက်ထောက်ခံစာကတော့ သိပ်ပြဿနာမရှိဘူး။ ရဲစခန်းထောက်ခံစာအတွက်ကတော့ အခက်အခဲရှိနိုင်တယ်။ ရဲစခန်းရောက်တာနဲ့ ဖမ်းထားလိုက်ရင် ဘာမှလုပ်လို့ရမှာမဟုတ်ဘူး” လို့ ထားဝယ်အကျဉ်းထောင်က နိုင်/ကျဉ်းတဦးရဲ့ မိသားစုဝင်က ပြောပါတယ်။
ဒါ့အပြင် ထောင်ဝင်စာလာတွေ့မယ့် မိသားစုဝင်တွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးကြောင်း အထောက်အထားအပြင် နိုင်ငံအတွင်း ကိုဗစ်ရောဂါ တွေ့ရှိမှုနှုန်း နှစ်ရာခိုင်နှုန်းအထက်ရှိနေချိန်ဖြစ်ပါက ၄၈ နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်ကင်းရှင်းကြောင်း လက်မှတ်လည်း ပြသဖို့လိုတယ်လို့ သိရပါတယ်။
အကျဉ်းထောင်ဥပဒေအရတော့ အကျဉ်းသားတဦးကို မိသားစုဝင်တွေက နှစ်ပတ် တကြိမ် ထောင်ဝင်စာဧည့်တွေ့ခွင့် ရှိတာဖြစ်ပြီး လက်ရှိမှာတော့ တလတကြိမ်သာ တွေ့ခွင့်ပေးမယ်လို့ ကနဦးသိရှိရပေမယ့် အတည်တော့မပြုနိုင်သေးပါဘူး။
ကိုသိုက်ထွန်းဦးကတော့ စစ်ကောင်စီဟာ နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် အခုလို ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ပြန်လည်ခွင့်ပြုပေးတာလို့ သုံးသပ်ပါတယ်။
“နိုင်ငံတကာက ဖိအားမပေးရင်လည်း သူတို့မှာ လုပ်ပေးရမယ့်တာဝန်ရှိတယ်။ အကျဉ်းထောင်ဥပဒေမှာ အကျဉ်းသားတွေကို ထောင်ဝင်စာဧည့်တွေ့ခွင့် ပေးရမယ်လို့ ပြဌာန်းထားပြီးသားဖြစ်တယ်။ကိုဗစ်ကလည်း ပြီးနေပြီးသားဖြစ်တဲ့အတွက် ဒီထက်တောင်မှ စောပြီးလုပ်ရမှာ” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ပေးနေသူတွေကတော့ အကျဉ်းသားတွေကို ထောင်ဝင်စာဧည့်တွေ့ခွင့်ရရေး တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ ရှေ့လတွေထဲကပဲ ပြုလုပ်ခဲ့ကြပါသေးတယ်။
ဒါ့အပြင် အာဏာသိမ်းဒုတိယခေါင်းဆောင်နဲ့အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)တာဝန်ရှိသူနဲ့ ဒီနှစ်သြဂုတ်လကတကြိမ်အပါအဝင် ဒီနှစ်ထဲမှာနှစ်ကြိမ်ထက်မနည်းတွေ့ဆုံခဲ့ပြီး နိုင်ငံရေး အကျဉ်းသားအခွင့်အရေးကိစ္စ တွေဆွေးနွေးခဲ့တာရှိပါတယ်။
“အပြင်က မိသားစုတွေအနေနဲ့ကတော့ သူတို့ရဲ့ သက်ဆိုင်သူတွေကို မတွေ့တာကြာပြီဖြစ်တဲ့အတွက်ကြောင့် နှစ်ဦးနှစ်ဖက်စလုံး စိတ်ပိုင်းဆိုင်ရာအရတော့ သက်သာမှုတခုတော့ ရနိုင်တယ်။ အကျဉ်းထောင်ရဲ့ အခြေအနေတွေကိုလည်း ပိုပြီးတော့ သိရှိနိုင်တယ်” လို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရတော့ မြန်မာနိုင်ငံတဂှမ်း အကျဉ်းထောင်တွေမှာ လက်ရှိအချိန်ထိ အဖမ်းခံထားရဆဲဖြစ်တဲ့ နိုင်/ကျဉ်း နှစ်သောင်းနီးပါးရှိတယ်လို့ သိရပါတယ်။
“တွေ့ခွင့်ပေးတော့ ဝမ်းသာတာပေါ့။ ဒါက ရသင့်တဲ့ အခွင့်အရေးတခုပဲလေ။အစကတည်းက ခွင့်ပြုပေးသင့်တာပဲ” လို့ ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။