အောက်တိုဘာ၊ ၂၁
အစ္စရေး စစ်တပ်က ဝန်းရံပိတ်ဆို့ထားရာ ဂါဇာ ကမ်းမြှောင်ဒေသကို ထောက်ပံ့ရေး ယာဉ်တန်းကို ပထမဆုံးအကြိမ် စတင် ဝင်ရောက်ခွင့် ရခဲ့ကြောင်း သိရပါတယ်။
အီဂျစ်နဲ့ နယ်စပ်မှာရှိတဲ့ ရာဖား နယ်ခြားဂိတ်ကနေ အောက်တိုဘာ ၂၁ ရက်မှာ ထရပ်ကား အစီး ၂၀ ပါဝင်တဲ့ ထောက်ပံ့ရေးယာဉ်တန်း ပထမဆုံးအကြိမ် စတင် ဝင်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂက အတည်ပြုပါတယ်။ အဲဒီထရပ်ကားတွေပေါ်မှာ အရေးပေါ် အသက်ကယ် ဆေးဝါးတွေနဲ့ တခြား အထောက်အပံ့တွေ တင်ဆောင်ပေးလိုက်ပြီး ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း လခြမ်းနီ အသင်းက လက်လွှဲယူသွားမှာ ဖြစ်ပါတယ်။
ဂါဇာကို ထောက်ပံ့ရေး ပစ္စည်းတွေ အကန့်အသတ်နဲ့ ပို့ဆောင်ရေး ကိစ္စကို အစ္စရေးက လက်ခံခဲ့ပေမယ့် အဲဒီပစ္စည်းတွေကို ဟားမားစ် ပြောက်ကျားတွေက ကြားဖြတ် သိမ်းယူတာမျိုး လုပ်ခဲ့မယ်ဆိုရင် အစီအစဉ်ကို ချက်ချင်း ရပ်တန့်စေမယ်လို့ သတိပေးထားပါတယ်။
လာမယ့်ရက်တွေအတွင်း အစ္စရေးက ဂါဇာကို ထောက်ပံ့ရေး ပစ္စည်းတွေ ပမာဏ ဘယ်လောက်များများ ပို့ဆောင်ခွင့် ပြုထားသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဂါဇာရဲ့ နယ်စပ်ဂိတ် အများစုကို အစ္စရေးက ထိန်းချုပ်ထားပြီး ရာဖားဟာ အစ္စရေး လက်အောက်မှာ ရှိမနေဘဲ ဂါဇာနဲ့ ပြင်ပကမ္ဘာ ဆက်သွယ်နိုင်တဲ့ တခုတည်းသော အဓိက ကုန်သွယ်ရေး ဂိတ်တံခါး တခုလို့ ဆိုနိုင်ပါတယ်။
လူဦးရေ ၂.၃ သန်းလောက်ထိ များပြားတဲ့ ဂါဇာဒေသကို ထောက်ပံ့ရေး ပစ္စည်းတွေ တင်ပို့ရာမှာ အစ္စရေးဖက်က ပို့ဆောင်တာဟာ ပိုမိုထိရောက်နိုင်မှာ ဖြစ်ပေမယ့် အစ္စရေးကတော့ ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံ ၂၀၀ လောက်ကို ပြန်မလွှတ်ပေးမချင်း အစ္စရေး ပိုင်နက်ဖက်ကနေ ဂါဇာကို ဝန်းရံ ပိတ်ဆို့ထားဦးမယ်လို့ ပြောကြားထားပါတယ်။
အရင်က အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွေ အတောအတွင်း အီဂျစ်ဖက်ကနေ ထောက်ပံ့ရေး ပစ္စည်းတွေ အလုံးအရင်း ပို့ဆောင်တာမျိုး မရှိခဲ့ဘဲ နိုင်ငံတကာ ထောက်ပံ့ရေး လမ်းကြောင်း အများစုဟာ အစ္စရေးနဲ့ ထိစပ်နေရာ ကီရမ် ရှာလွမ် နယ်စပ်ကနေပဲ ဝင်ရောက်လေ့ ရှိခဲ့ကြောင်း သိရပါတယ်။