ကချင်နဲ့ရှမ်းမြောက်မှာ သုံးရက်အတွင်း စစ်ကောင်စီစခန်း လေးခုသိမ်းပိုက်ခံရ

 

အောက်တိုဘာ ၂၁

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းလေးခုကို KIA တပ်တွေက အခုရက်ပိုင်းသုံးရက်အတွင်းတိုက်ခိုက်သိမ်း ပိုက်ခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

KIA အပါအဝင်ကာကွယ်ရေးပူးပေါင်းတပ်တွေကအောက်တိုဘာလ ၁၈ ရက်ကနေ၂၀ ရက်အထိ သုံးရက်အတွင်း တရုတ်-မြန်မာနယ်စပ်တလျှောက် က ချင်ပြည်နယ် ရွှေကူ၊ မိုးမောက်မြို့နယ်နဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း ပန်‌ဆိုင်းမြို့နယ် မုံးကိုးဒေသတို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ခဲ့တာပါ။

“အဲဒီဝန်းကျင်မှာ မြန်မာစစ်တပ်စခန်းတွေ သိပ်မရှိတော့ဘူး၊တရုတ်နယ်စပ်တလျှောက်မှာပေ့ါ၊အခုတော့ သူတို့ အထိနာလို့ တိုက်လေယာဉ်တွေ၊ လက် နက်ကြီးပစ်ကူတွေနဲ့ တောက်လျှောက်ပစ်နေတယ် “လို့ KIA နဲ့ နီးစပ်တဲ့ ဒေသခံ သတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

KIA က သုံးရက်အတွင်း သိမ်းပိုက်ခဲ့တဲ့ အဲဒီစခန်းသိမ်းတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ရာဂဏန်းနီးပါးရှိနိုင်ပြီး လက်နက် ကြီး၊ လက်နက်ငယ်အပါအဝင် လက်နက်ပေါင်း ရာချီသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

KIA နဲ့ ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Shwegu KPDF)တို့ဟာ  ရွှေကူ – ဗန်းမော်ကားလမ်းဘေး၊ ရွှေကူမြို့နယ် ဘတ်ကြီးရွာအနီးကတာဝန်တိုင်စခန်းကုန်းလို့ခေါ်တဲ့ ခမရ(၆၀၂) ရှေ့တန်းစခန်းနဲ့ ခလ ရ(၅၆)ဌာနချုပ် လုံခြုံရေးစခန်းတို့ကိုအောက် တိုဘာလ ၁၈ ရက်က သိမ်းပိုက်ခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၉ ရက်ကလည်း ရှမ်း ပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် မုံးကိုးဒေသမှာရှိတဲ့ ဝိန်းလားတောင်(နမ့်ကွတ်)စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းပိုက်ခဲ့ပါတယ်။

မနေ့က အောက်တိုဘာလ ၂၀ ရက်ကလည်း မြစ်ကြီးနား – ဗန်းမော်ကားလမ်းဘေး၊ မိုးမောက်မြို့နယ် လိုင်လွန့်အောင်ဂျာတပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပြန်ဆုတ်ခွာခဲ့တဲ့ ရွှေကူတိုက်ပွဲနဲ့ပတ်သက်လို့စစ်ကောင်စီကသတင်းထုတ်ပြန်တာမျိုးမရှိပေမယ့်နမ့်ကွတ်စခန်းနဲ့ အောင်ဂျာတပ်စခန်းတွေကိုလက် လွှတ်ခဲ့ရတယ်ဆိုတာကိုတော့အတည်ပြုထုတ်ပြန်ထားပါတယ်။

ဗန်းမော် – ဝိုင်းမော်ကားလမ်းထိန်းစခန်းအဖြစ်ဆောင်ရွက်နေတဲ့ အောင်ဂျာစခန်းကို မနေ့က အင် အားအလုံးအရင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ခေတ္တဆုတ်ခွာပေးလိုက်တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်ကဆိုပါတယ်။

KIA တပ်ဖွဲ့တွေဟာ အဲ့ဒီစခန်းကို အခုနှစ် ဇူလိုင် ၈ ရက်ကစလို့ မနေ့ကအထိ သုံးလခွဲလောက်အတွင်း ၈၁ကြိမ်အထိ အင်အားအလုံးအရင်းနဲ့တိုက်ခိုက်ခဲ့တာလို့လည်းစစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 ဒါ့အပြင် မုံးကိုးဒေသရှိ နမ့်ကွတ်စခန်းကိုလည်း အလုံးအရင်းနဲ့ ဝင်တိုက်ခံရတဲ့အတွက် လက်လွှတ်ခဲ့ရပြီး ပြန်လည်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်နေတယ်လို့အလားတူ ဆိုထားပါတယ်။

ဆုတ်ပေးလိုက်ရတဲ့တပ်စခန်းတွေကိုပြန်သိမ်းပိုက်နိုက်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီလို အထိုင်တပ်စခန်း၊ ရှေ့တန်းစခန်းတွေ သိမ်း ပိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ မူဆယ်မြို့နယ်ထဲက KIA တပ်မဟာ ၆ ဌာနချုုပ်ကို လက်နက်ကြီး၊ တိုက်လေယာဉ်တွေနဲ့ မနေ့ကနေ ဒီကနေ့အထိ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

လသားအရွယ်ကလေးငယ်တွေအပါအဝင် အရပ် သား ၂၉ ဦး သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရခဲ့တဲ့ လိုင်ဇာမြို့နယ် မုန်လိုင်ခက်စစ်ရှောင်စခန်းဗုံးကြဲတိုက်ခိုက်ခံရမှုအပြီးမှာ လိုင်ဇာအနီးဝန်းကျင်ဒေသတွေအတွင်း KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်းသိရပါတယ်။

လက်ရှိ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီ ဘက်ကရော KIA ဘက်ကပါထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့သိရပေမယ့် အသေးစိတ်အခြေအနေတွေကို တော့မသိရသေးပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်ကလည်း ဖားကန့်မြို့နယ်အတွင်းက KIA တပ်မဟာ ၉ ဌာန ချုပ်ကိုစစ်ကောင်စီက  ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။