အောက်တိုဘာ ၊ ၂၁
မွန်ပြည်နယ် ရေးမြို့ တံတားကြီးက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒေသတွင်းတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ တွေက မနေ့ မနက်ပိုင်းကတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်ကအထိနာပြီး လက်နက်မျိုးစုံ ၁၂လက်နဲ့ခဲယမ်းတွေ ရခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မွန်ပြည်တော်လှန်ရေးတပ် ( MSRF) ပြောရေးဆိုခွင့်ရှိသူနိုင်နဂါးကပြောပါ တယ်။
အဲ့ဒီတိုက်ပွဲအတွင်း နှစ်ဖက် သေဆုံးထိခိုက်မှုတွေရှိပေမယ့် စစ်အုပ်စုဘက်က ဗိုလ်ကြီးနှစ်ဦး အပါအဝင် ၂၇ ဦး မျက်မြင် သေဆုံးတယ်လို့ သူကပြောပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က အင်အားခြောက်ဆယ်လောက်ပါဝင်တိုက်ခိုက် ခဲ့တယ်လို့လည်း MSRFကထုတ်ပြန်ထားပါတယ်။
“ပထမ ရေးတံတားတိုက်ပွဲတုန်းက သူတို့ ဘယ်လောက်ကျတယ်ဆိုတာကျွန်တော်တို့မသိဘူး၊ဒါပေမယ့် ဒုတိယ တကြိမ်ဖြစ်တဲ့ တိုက်ပွဲမှာတော့ သူတို့ အတော်ထိသွားတယ်ဗျ၊သူတို့ကိုကျွန်တော်တို့က ဝိုင်းမိသလို ဖြစ်သွားတဲ့ အတွက် သူတို့အထိနာသွားတာပါ” လို့ နိုင်နဂါးက ဆိုပါတယ်။
ရေးမြို့တံတားကြီးဂိတ်က စစ်ကောင်စီတပ်တွေကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ လေးဖွဲ့ပူးပေါင်းပြီး မနေ့က မနက် ခုနစ်နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
အပြန်အလှန်ပစ်ခတ်ချိန် ၄၅မိနစ်လောက်ကြာခဲ့တဲ အဲ့ဒီတိုက်ပွဲအပြီး ဒဏ်ရာရ တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ဆေးကုသဖို့ ကားနှစ်စီးနဲ့ပြန်ပို့ချိန် ဝယ်လောင်နဲ့ကျုံလောင်းရွာတွေကြားမှာ စစ်ကောင်စီဘက်က ခြုံခိုတိုက် ခိုက်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်ခုနစ်ဦး ဒဏ်ရာထပ်ရသွားတယ်လို့ MSRFရဲ့ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။
အဲ့ဒီနောက် မနက် ရှစ်နာရီဝန်းကျင်မှာ ဒုတိယအကြိမ်ထိတွေ့တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး နှစ်နာရီလောက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်တွေထိခိုက်ကျဆုံးမှုများတာကြောင့် ထွက်ပြေးဆုတ်ခွာသွားကြ တယ်လို့ဆိုပါတယ်။
မနေ့ကတိုက်ပွဲတွေအတွင်း တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က စုစုပေါင်း ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး တဦးက တော့ ဒဏ်ရာပြင်းထန်တာကြောင့် လက်ရှိအထိ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ နိုင်နဂါးကပြောပါတယ်။
ဒီတိုက်ပွဲကနေ RPG တလက်၊အရာရှိကိုင် ပစ္စတိုနှစ်လက်အပါအဝင် သေနတ်မျိုးစုံ ၁၂လက်၊ကျည်ဆံ၊ လက်ပစ်ဗုံး၊ မိုင်းအမျိုးမျိုးစတဲ့ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေသိမ်းဆည်းရရှိခဲ့တယ်လို့ MSRF က ဓာတ်ပုံနဲ့တကွထုတ် ပြန်ထားပါတယ်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်အပြီးမှာ စစ်ကောင်စီတပ်က ရေးမြို့အနီးတဝိုက်ကိုလက်နက် ကြီး အချက်လေးဆယ်ထက်မနည်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီလိုအပြန်အလှန်ပစ်ခတ်မှုတွေအတွင်း အရပ်သားတဦးသေဆုံးပြီးတဦးဒဏ်ရာရထားတယ်လို့ သိရပေမယ့် အသေးစိတ်အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေက ရေးတံတားကို မနေ့က ညနေပိုင်းအထိ ပိတ်ဆို့ထားခဲ့ပြီး ဒီက နေ့ မှာတော့ ပုံမှန်အတိုင်းအသုံးပြုခွင့်ပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်တပ်၊ ပျူစောထီး နဲ့ ပြည်သူစစ်တွေပူးပေါင်းပြီး ဘန်ကာအခိုင်အမာတည် ဆောက်ကာ ခရီးသွားပြည်သူတွေကို စစ်ဆေးတာ၊ငွေကြေးတောင်းခံတာတွေ လုပ်လေ့ရှိတဲ့အဲ့ဒီဂိတ်ကို တော် လှန်ရေးတပ်ဖွဲ့တွေက မကြာခဏသွားရောက်တိုက်ခိုက်လေ့ရှိပါတယ်။