အောက်တိုဘာ ၊ ၂၁
ဟားမားစ်တွေ လက်ထဲက လွတ်မြောက်လာတဲ့ အမေရိကန် သားအမိ နှစ်ဦးဟာ အစ္စရေးမှာရှိတဲ့ မိသားစုတွေနဲ့ ပြန်လည် စုံစည်းခွင့် ရခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
ချီကာဂိုမှာ နေထိုင်တဲ့ ဂျူးနွယ်ဖွား အမေရိကန် နိုင်ငံသူ အသက် ၅၉ နှစ်အရွယ် တိုင်ရာနန်းနဲ့ ၁၇ နှစ်အရွယ် သမီးဖြစ်သူ နာတာလီ ရာနန်းတို့ဟာ အစ္စရေး တောင်ပိုင်းက စိုက်ပျိုးရေးရွာ တခုဆီ အလည်အပတ် သွားရောက်ချိန် အောက်တိုဘာ ၇ ရက်က ဟားမားစ်တွေရဲ့ အလစ်စီးနင်း တိုက်ခိုက်မှုမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ရာနန်း သားအမိနဲ့အတူ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ ၂၀၀ ဝန်းကျင် ရှိခဲ့ကြောင်း၊ အရပ်သား အများစု အပါအဝင် ၁၄၀၀ ကျော်ကို ဟားမားစ်တွေက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ထားပါတယ်။
ကာတာ အစိုးရရဲ့ ကြားဝင် စေ့စပ် ဆွေးနွေးပေးမှုကြောင့် အောက်တိုဘာ ၂၀ မှာ အစ္စရေး-အမေရိကန် နိုင်ငံသူ နှစ်ဦးကို လူသားချင်း စာနာမှု ရှုထောင့်ကနေ ပြန်လွှတ်ပေးခဲ့တယ်လို့ ဟားမားစ်တွေက ကြေညာပါတယ်။ နှစ်ပတ်နီးပါး အဖမ်းခံထားရတဲ့ ဓားစာခံတွေထဲက နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီးချိန်မှာ နောက်ဆက်တွဲ အလားတူ အခြေအနေတွေ ရှိလာနိုင်တယ်လို့လည်း ဟားမားစ်တွေက အရိပ်အမြွက် ဆိုပါတယ်။
အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ လက်ထဲကို လွှဲပြောင်းရောက်ရှိပြီး မကြာခင်မှာပဲ အမျိုးသမီး နှစ်ဦးဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဖုန်းပြောခဲ့ပါတယ်။ သူတို့နှစ်ဦး အမှန်တကယ် လွတ်မြောက်လာပြီ ဆိုတာကို သိရတော့ အီလီနွိုက်စ်မှာ သတင်းစောင့်နေတဲ့ မိသားစုတွေကလည်း အောင်ပွဲခံခဲ့ကြပါတယ်။
ဓားစာခံ နှစ်ဦးကို လွှတ်ပေးလိုက်ကြောင်း ဟားမားစ်က ကြေညာပြီး နာရီပိုင်း အကြာမှာပဲ အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူကလည်း သီးခြား အတည်ပြုခဲ့ပါတယ်။
အစ္စရေး စစ်တပ်နဲ့ အစိုးရဟာ ဟားမားစ်တွေလက်ထဲ ရောက်နေတဲ့ ဓားစာခံတွေအားလုံး လွတ်မြောက်ရေးအတွက် အပူတပြင်း ဆက်လက် ကြိုးစားနေမယ်လို့လည်း ကြေညာထားပြီး အမေရိကန်ကလည်း ဓားစာခံ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အစ္စရေးကို အစွမ်းကုန် ပံ့ပိုးမယ်လို့ ကတိပြုထားပါတယ်။