စစ်တပ် အာဏာသိမ်းမှုနဲ့အတူ ဒုက္ခတွင်းထဲ ဆွဲချခံနေရတဲ့ ကလေးငယ်များ

အောက်တိုဘာ ၊ ၂၁

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက် ကတည်းက မြန်မာနိုင်ငံ အနှံ့မှာ ကလေးငယ်တွေ ဆင်းရဲနွမ်းပါးမှု ပိုဆိုးရွားလာသလို ပညာသင်ယူခွင့်နဲ့ ကျန်းမာရေး အထောက်အပံ့ဆိုင်ရာ အခွင့်အလမ်းတွေကလည်း ပိုမိုကျဉ်းမြောင်း ကျပ်တည်းလာပါတယ်။ စစ်တပ်ရဲ့ စစ်ကြောင်းထိုး လှုပ်ရှားမှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ခံစားရတဲ့ ကလေးငယ်တွေ အများအပြား ရှိနေသလို နိုင်ငံရေး ပစ်မှတ်အနေနဲ့ သတ်မှတ်ပြီး ဖမ်းဆီးချုပ်နှောင် ခံရတာမျိုးတွေပါ ကြုံလာရပါတယ်။ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ကလေးဦးရေကလည်း တိုးလတယ်။ တကယ်တော့ အဲဒီ အခြေအနေဟာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်အောင် ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ နိုင်ငံမှာ၊ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO)တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နေရာတွေမှာ တွေ့နေမြင်နေကျ အနေအထား တခုပါပဲ။

ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပွားတဲ့ စစ်အာဏာသိမ်းမှု အပြီးမှာတော့ ကွဲပြားတဲ့ လမ်းကြောင်းသစ်တခု ပေါ်ထွက်လာတယ်။ စစ်ဗိုလ်ချုပ်တွေဟာ အာဏာရှင်စနစ် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားမှုတွေကို အားပေးထောက်ခံတဲ့ မိသားစုတွေ၊ လူ့အဖွဲ့အစည်းတွေထဲက ကလေးငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးလာပါတယ်။ လူငယ်တွေက လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ပိုမို ရွေးချယ်လာပြီး တော်လှန်ရေး အင်အားစုတွေဆီ သွားရောက် ပူးပေါင်းနေချိန်မှာ စစ်တပ်ဖက်က အဆင်အခြင်မဲ့ လုပ်ဆောင်လာတဲ့ နည်းလမ်းသစ် တခုဆိုရင်လည်း မမှားပါဘူး။ ဒီအခြေအနေကို အကြောင်းပြုပြီး နောက်ဆက်တွဲ စောင့်ကြည့်စရာတွေလည်း ရှိလာပြန်တယ်။

မြန်မာနိုင်ငံက ကလေးငယ်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေဟာ ကံအကြောင်းမလှစွာနဲ့ပဲ အသစ်တွေ တိုးလာပါတော့တယ်။ စစ်တပ်ဟာ အာဏာသိမ်းမှု နောက်ပိုင်းကစလို့ လေကြောင်းကနေ ဒရုန်းနဲ့ တိုက်လေယာဉ်တွေ အသုံးပြု တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လာတယ်။ အဲဒီ တိုက်ခိုက်မှုတွေဟာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့ ဘယ်လို အဖွဲ့အစည်း၊ အင်အားစုကိုမဆို ထောက်ခံတယ်လို့ စစ်ဗိုလ်ချုပ်တွေက ယူဆတဲ့ အရပ်သား ဧရိယာတွေကိုပါ ပစ်မှတ်ထားလာတယ်။ အဲဒီလို တိုက်ခိုက်မှုတွေကြောင့် သေဆုံးရတဲ့ထဲမှာ ကလေးတွေနဲ့ အသက် ၁၆ နှစ်အောက် လူငယ်လူရွယ်တွေ အရေအတွက် တော်တော်များများ ပါဝင်ခဲ့ပါတယ်။

နောက်ထပ် မဖြစ်မနေ စိုးရိမ်ရမယ့် ကိစ္စက နိုင်ငံရေးကို အကြောင်းပြုပြီး စစ်တပ်က ကလေးငယ်တွေကို ဖမ်းဆီးနေတာတွေ ပိုထူထပ်လာခြင်းပါပဲ။ ဒီကိစ္စမှာလည်း ကလေးတွေရဲ့ အခွင့်အရေးတွေကို စစ်အာဏာပိုင်တွေက စိတ်လိုလက်ရ မျက်ကွယ်ပြုနေတယ် ဆိုတာဟာ မြန်မာနိုင်ငံမှာ အသစ်အဆန်း ကိစ္စတော့ မဟုတ်တော့ပါဘူး။ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး အကြောင်းပြချက်တွေနဲ့ ကလေးတွေကို ဖမ်းဆီးထားတဲ့ စာရင်းတွေကို မကြာသေးခင်က ထုတ်ပြန်တဲ့ အချက်အလက် မှတ်တမ်းတွေမှာ တွေ့နိုင်ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-Burma)ရဲ့ အဆိုအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ကလေးအရေအတွက် ၆၅၈ ဦးထက်မနည်း အဖမ်းခံရပြီး အဲဒီထဲက ၃၇၃ ဦးဟာ လက်ရှိ အချိန်ထိ စစ်တပ်ရဲ့ ထိန်းသိမ်းမှုကို ခံထားရဆဲလို့ ဆိုပါတယ်။ စာရေးသူက AAPP-Burmaရဲ့ ထူထောင်သူနဲ့ တွဲဖက် အတွင်းရေးမှူး ဘိုကြည်နဲ့ စကားပြောဖြစ်တဲ့အခါ အဖမ်းခံရတဲ့ ကလေးဦးရေဟာ စက်တင်ဘာလမှာ ၆၆၃ ဦးထိ မြင့်တက်လာကြောင်း သိခဲ့ရပါတယ်။ ပိုပြီး စိုးရိမ်စရာ ကောင်းတာက ဒုတိယ ကိန်းဂဏန်းပါ။ လက်ရှိ အချိန်ထိ အဖမ်းခံထားရဆဲ ကလေးဦးရေပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ် အာဏာမသိမ်းခင်ထိ မြန်မာနိုင်ငံမှာ ကလေး အကျဉ်းသား ၁ ဦးပဲ ရှိခဲ့ပါတယ်။ နောက်ဆုံး ကြားသိထားတဲ့ ကလေးသူငယ် ဖမ်းဆီးခံရမှုဟာ စက်တင်ဘာ လဆန်းပိုင်းက ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မှာ ဖခင်ဖြစ်သူကို နိုင်ငံရေး ကိစ္စနဲ့ ဖမ်းဆီးစုံစမ်း မေးမြန်းနေချိန် အတောအတွင်း ၇ နှစ်အရွယ် ကလေးငယ်ဟာ မိခင်နဲ့အတူ ၅ ရက်ကြာ ဖမ်းဆီးချုပ်နှောင် ခံခဲ့ရပါတယ်။

တော်လှန်ရေး အင်အားစုတွေကို လိုက်လံဖမ်းဆီး ဖြိုခွင်းတဲ့ အခါမှာ စစ်တပ်ဟာ သွေးရူးသွေးတမ်း နည်းလမ်းတွေကိုပါ အသုံးပြုလာပုံ ပေါ်ပါတယ်။ မိဘတွေ၊ ဒါမှမဟုတ် မိသားစုဝင်တွေကို ဖမ်းမမိတဲ့အခါ ကလေးတွေကို ဓားစာခံ သဘောနဲ့ ဖမ်းဆီးမှုတွေ ပိုမို လုပ်ဆောင်လာတယ်။ ကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့ဖူးသူ ဘိုကြည်က စစ်တပ်ဟာ နိုင်ငံရေးအရ ထောင်ထားခြားနားသူတွေကို ဖြိုခွင်းတဲ့ အခါမှာ ဥပဒေကို လုံးဝ အရေးမစိုက်သလို ဓားစာခံအဖြစ် ချုပ်နှောင်တာ၊ သိမ်းကြုံး အပြစ်ပေးတာတွေကို လုပ်လေ့ရှိတဲ့ အတွက်လည်း အခုလိုမျိုး ကလေးငယ်တွေ အဖမ်းခံရတဲ့ ကိစ္စတွေ ထူထပ်လာတာလို့ သုံးသပ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေက သူတို့ကို ဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို၊ ယုတ်စွအဆုံး ကလေးတွေကိုတောင် မချန်ဘဲ ရန်သူလို ဆက်ဆံတတ်တယ်လို့လည်း သူက ပြောပါတယ်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) လက်အောက်ခံ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ထောက်ပံ့ပေးထားတဲ့ ကျောင်းတွေကနေ ကလေးတွေကို မိဘတွေ၊ ဆရာဆရာမတွေနဲ့အတူ ဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။ စစ်ကောင်စီက တော်လှန်ရေး အင်အားစုတွေ အသာစီး ရထားတဲ့ နေရာဒေသတွေမှာ ကျောင်းတွေနဲ့ ပညာသင်ကြားရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တတ်ပါတယ်။ ဒါဟာ ဒေသခံ ပြည်သူတွေကြားမှာ အကြောက်တရား စိမ့်ဝင်ပျံ့နှံ့အောင် လုပ်ဆောင်တဲ့ နည်းဗျူဟာ တခုဖြစ်ပြီး ဆန့်ကျင်ဘက် အင်အားစု မှန်သမျှကို ချေမှုန်းမယ်ဆိုတဲ့ သူတို့ရဲ့ သဘောထားကိုလည်း မီးမောင်းထိုးပြနေပါတယ်။ စစ်ကောင်စီကို လက်နက်ကိုင် ခုခံဆန့်ကျင်မှုတွေ အားကောင်းနေရာ မြန်မာနိုင်ငံ အလယ်ပိုင်းက စစ်ကိုင်းတိုင်းမှာ အဲဒီလို လုပ်ရပ်မျိုးတွေကို စစ်တပ်က ကျူးလွန်တာတွေ အကြိမ်ကြိမ် ကြားသိခဲ့ရပါတယ်။

၂၀၂၂ ခုနှစ် အစီရင်ခံစာတုန်းက မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကလေးငယ် ၃၈၂ ဦးလောက်ထိ သေဆုံးခဲ့ပြီး ကလေး ၁၄၀၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရတာကို (လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ နယ်မြေတွေ အားလုံးမှာ ကလေးတွေ အဓမ္မ ဖမ်းဆီးခေါ်ဆောင် ခံရတာကို ထည့်တွက်ရင် အဲဒီကိန်းဂဏန်းက မှန်ကန်ဖွယ် ရှိပါတယ်) အလေးအနက် စိုးရိမ်သင့်ကြောင်း ထောက်ပြခဲ့ပါတယ်။ ကလေးတွေနဲ့ လူငယ်တွေ ဖမ်းဆီးချုပ်နှောင် ခံရတဲ့ ကိစ္စတွေမှာ စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တာ၊ ဒါမှမဟုတ် ပါဝင်တယ်လို့ သံသယရှိ ခံရတာတွေ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေနဲ့ ဆက်စပ်ပြီး ရိုဟင်ဂျာ ကလေးငယ်တွေ ဖမ်းဆီးခံရတာတွေလည်း အပါအဝင် ဖြစ်ပါတယ်။ ကလေးတွေကို ဖမ်းဆီးတာဟာ ဓားစာခံ သဘောမျိုးနဲ့ဖြစ်ပြီး မိဘတွေကို အလျှော့ပေးအောင်၊ လာရောက် အဖမ်းခံအောင်၊ ဒါမှမဟုတ် စုံစမ်းစစ်ဆေးမှုကို လက်ခံအောင် ဖိအားပေးဖို့ပါ။ အဲဒီ အစီရင်ခံစာဟာ ၂၀၂၂ ခုနှစ်၊ မေ ၂၇ ရက်ထိ ကောက်ယူထားတဲ့ AAPP-Burmaရဲ့ စာရင်းတွေကိုလည်း ထည့်သွင်း ကိုးကားထားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာကလည်း ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇ ရက်တုန်းက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အခါ ကလေးတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဖမ်းဆီးနေတာနဲ့ ပတ်သက်လို့ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။ အဲဒီတုန်းက မင်းအောင်လှိုင်က ဖမ်းဆီးခံရသူတွေထဲက တချို့မှာ အသက် ၁၆ နှစ်၊ ၁၇ နှစ် အရွယ်တွေ ပါဝင်နိုင်တယ် ဆိုတာကို ဝန်ခံခဲ့ပေမယ့် စစ်ကောင်စီဟာ သူတို့ကို သက်သက်ညှာညှာသာ အရေးယူခဲ့ကြောင်း ကာကွယ်ပြောဆိုပြီး တကယ်တမ်း ကလေးတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတာဟာ တော်လှန်ရေး အင်အားစုတွေသာဖြစ်ကြောင်း စွပ်စွဲသွားခဲ့ပါတယ်။ စစ်ကောင်စီဟာ လက်ရှိ မြန်မာနိုင်ငံ ကြုံနေတဲ့ အကျပ်အတည်းတွေဟာ တော်လှန်ရေး အင်အားစုတွေကြောင့်လို့ ဆက်လက် အပြစ်ဖို့နေပြီး အဲဒီအင်အားစုတွေကိုလည်း အကြမ်းဖက်သမားတွေလို့ တံဆိပ်တပ်ထားတုန်းပါပဲ။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေက ဘယ်လိုမှ နှစ်မြို့နိုင်စရာ မရှိတဲ့ အကျိုးဆက်တွေကို ဆက်တိုက် ဖြစ်ပေါ်လာစေပါတယ်။ ပညာဆက်လက် သင်ယူနိုင်ခွင့် ပြတ်တောက်သွားပြီး စစ်ရေးအရ ကျူးကျော် တိုက်ခိုက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို အချိန်ပြည့် ကြုံနေရတဲ့အခါ တချို့သော ပဋိပက္ခ နယ်မြေတွေက လူငယ်တွေဟာ ကိုယ့်ရပ်ရွာကို ကာကွယ်ဖို့ တော်လှန်ရေး အဖွဲ့တွေထဲ ဝင်ရောက်ကုန်ကြပါတယ်။ NUGနဲ့ ဆက်စပ် တော်လှန်ရေး အင်အားစုတွေက ကလေးစစ်သားတွေ လက်ခံမှုကို တားမြစ်ထားတဲ့တိုင် ဒီလို အခြေအနေတွေကတော့ ဖြစ်ပေါ်နေဆဲပါ။ စစ်ကောင်စီက မြန်မာ့ တော်လှန်ရေး လှုပ်ရှားမှုမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေ ပါဝင်တိုက်ခိုက်နေတာကို လက်ညှိုးထိုးပြီး ကလေးတွေကို ထင်သလို ဖမ်းဆီးနေတဲ့၊ တချို့သော ဆိုးရွားတဲ့ ဖြစ်စဉ်တွေမှာ (ခေါင်းဖြတ်တာ အပါအဝင်) ရက်ရက်စက်စက် သတ်ဖြတ်ပြနေတဲ့ သူတို့လုပ်ရပ် မှန်သလိုလို အကြောင်းပြချက် ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံက မြောက်မြားစွာသော ကလေးတွေနဲ့ လူငယ်တွေဟာ ပဋိပက္ခတွေ အကြမ်းဖက် ရန်လိုမှုတွေကြားမှာ ခက်ခက်ခဲခဲ ရှင်သန် ဖြတ်သန်းနေရပါတယ်။ ဒီလို ကြေကွဲစရာ ဖြစ်ရပ်ကြီး တစ်ခုလုံးမှာ အဓိက တွန်းအားပေးတဲ့ လက်သည် တရားခံဟာ မြန်မာစစ်တပ်ပါပဲ။ စစ်တပ်ဟာ ပဋိပက္ခတွေကို မီးမွှေးတာ၊ အသက်မပြည့်သေးသူတွေ အပါအဝင် တပ်သားသစ်တွေ စုဆောင်းတာ၊ စစ်တပ်နဲ့ ရဲမိသားစုတွေထဲက ပညာတတ်မြောက်မှုနဲ့ အလုပ်အကိုင်စွမ်းရည် အားနည်းသူတွေကို တပ်ထဲ ခေါ်ယူတာမျိုး နည်းလမ်းတွေနဲ့ သူတို့ရဲ့ အင်အားကို ဖြည့်တင်းဖို့လည်း အားထုတ်နေပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံက ကလေးစစ်သားတွေ၊ စစ်ဆင်ရေး မဟုတ်တဲ့ လုပ်ငန်းကိစ္စတွေမှာ ကလေးလုပ်သားတွေကို အဓမ္မ ခိုင်းစေမှုတွေကို အဆုံးသတ်စေမယ်လို့ သံန္နိဋ္ဌာန် ချခဲ့ဖူးတဲ့ အခြေအနေတွေကနေ သိသိသာသာ နောက်ကြောင်းပြန်လှည့်သွားတာပဲ ဖြစ်ပါတယ်။ အရင်တုန်းက မြန်မာနိုင်ငံမှာ ကြီးစိုးခဲ့တဲ့ စစ်အစိုးရရဲ့ လက်စွဲစာအုပ်ကြီးထဲက နည်းလမ်းဟောင်းတွေပါပဲ။ ရလဒ်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်တွေ၊ လူငယ်တွေ သန်းဂဏန်းလောက်ဟာ အနာဂတ်ပျောက်ပြီး အတောမသတ်နိုင်တဲ့ ပဋိပက္ခတွေကြားမှာ ဓားစာခံတွေ ဘဝမျိုးနဲ့ ကြားညပ်ရင်း ဒုက္ခပင်လယ်ဝေနေကြပြီ ဖြစ်ပါတယ်။

(Fulcrumတွင် ကိုဝေမိုး ရေးသားသည့် Children in Myanmar: Caught in the Crossfire ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)