ကလေးမြို့နယ် စက္ကန့်ကျေးရွာကို စစ်တပ်က တလအတွင်း ငါးကြိမ်မြောက်မီးရှို့

အောက်တိုဘာ၊ ၂၀
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ဘက် စက္ကန့်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ဒီကနေ့အပါအဝင် တလအတွင်း ငါးကြိမ်အထိ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ တရာဝန်းကျင်လောက်အထိ ပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ မီးခိုးတွေက တော်တော်များတယ်ဗျ၊ မြို့အနောက်ပိုင်း တာဟန်းရပ်ကွက်ကနေကို မီးခိုးတွေ မြင်နေရတာ ” လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်က တပ်စွဲအထိုင်ချထားတဲ့ စက္ကန့်ကျေးရွာဝန်းကျင်ကို ဒီကနေ့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေ ရောက်လာတာကြောင့် စစ်ကောင်စီတပ်က အခုလို ရွာကအိမ်တွေကို မီးရှို့တာ ဖြစ်နိုင်တယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းဟာ အခုလ ဒုတိယပတ်အတွင်း စက္ကန့်ကျေးရွာကို လေးရက်ဆက် မီးရှို့ဖျက်ဆီးခဲ့သလို ဒီကနေ့မှာလည်း မီးထပ်ရှို့ခဲ့တာ ဖြစ်ပါတယ်။
 
လက်ရှိအချိန်ထိ စစ်ကောင်စီစစ်ကြောင်းက စက္ကန့်ကျေးရွာမှာ တပ်စွဲထားတာကြောင့် မီးလောင်ကျွမ်းတဲ့ နေအိမ်အရေအတွက်ကိုတော့ အတိအကျ မသိနိုင်သေးဘူးလို့ ကလေးမြို့အနောက်ပိုင်း ဒေသခံတွေက ပြောပါတယ်။
 
အခုနှစ်ဆန်းပိုင်း ဇန်နဝါရီ ၅ ရက်နဲ့ ၆ ရက်တို့ကလည်း စက္ကန့်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၈၃ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
 
စစ်ကောင်စီတပ်ဟာ အခုလ ၆ ရက်က စက္ကန့်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး အဲဒီရွာက အသက် ၈၁ နှစ်အရွယ် အဖိုးအိုတဦး၊ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးတဦး တို့ကို သတ်ဖြတ်ပြီး နေအိမ်တွေနဲ့အတူ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားပါတယ်။
 
မီးရှို့သတ်ဖြတ်ခံရတဲ့ ဒေါ်ငိုက်နမ်း (Ngaih Hnem) (၆၇နှစ်) နဲ့ဆလိုင်းဗန်ဘွဲလျန်း (Salai Van Bawi Lian) (၁၄ နှစ်)တို့ဟာ မြေးအဖွားတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ချိန်မှာ ကျေးရွာအတွင်း မသန်မစွမ်း လေးဦး ကျန်ရစ်ခဲ့ပြီး အဲဒီလေးဦးရဲ့ အခြေအနေကိုလည်း အတိအကျ မသိရသေးပါဘူး။
 
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ စက္ကန့်ကျေးရွာက နေအိမ်တွေထဲမှာ ဝင်ရောက်တပ်စွဲနေတာကြောင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲတွေ ဖြစ်နိုင်တယ်လို့ ကလေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media