ရေစကြိုမှာ စစ်ကောင်စီက ကျေးရွာနှစ်ရွာကို မီးရှို့၊ သက်ကြီးအမျိုးသားနှစ်ဦး သတ်ဖြတ်ခံရ

အောက်တိုဘာ၊ ၂၀
 
မကွေးတိုင်း၊ ရေစကြိုမြို့နယ် တောင်ပိုင်းက ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မနေ့ ကမနက်ပိုင်းမှာ စစ်ကြောင်းထိုး မီးရှို့ခဲ့သလို ဒေသခံအမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
“ မနေ့က စစ်ကြောင်းက ဘာမှလည်း မဟုတ်ဘူးဗျ၊ တိုက်ပွဲလည်း ထိတွေ့မှု မဖြစ်ဘူး၊ သက်သက်မဲ့ တရွာဝင် တရွာထွက် မီးရှို့ပြီး သက်ကြီးအမျိုးသားနှစ်ဦးကို သတ်သွားတာ ” လို့သူကဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ရေစကြိုမြို့ပေါ်ကနေ အင်အားတရာလောက်နဲ့ ထွက်လာပြီး မြို့တောင်ဘက်၊ ပခုက္ကူ-ရေစကြို ကားလမ်းအရှေ့ဘက်မှာရှိတဲ့ ပေါက်ကူ နဲ့ ကမ်းဘဲ့ ရွာတွေကို စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။
သတ်ဖြတ်ခံရတဲ့ အမျိုးသားနှစ်ဦးဟာ အသက်ငါးဆယ်အရွယ် စစ်ရှောင်အမျိုးသားတွေလို့ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကြောင်းထိုးခံခဲ့ရတဲ့ ရွာနှစ်ရွာ အိမ်ခြေဘယ်လောက် မီးလောင်ပျက်စီးသွားတယ်ဆိုတာလည်း မသိရသေးပါဘူး။ စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့တာကြောင့် ပေါက်ကူ၊ ကမ်းဘဲ့၊ တောင်အို၊ ကံကြီးစ တဲ့ရွာတွေ အပါအဝင် အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့လည်း သိရပါတယ်။
အဲဒီရွာတွေဘက်ကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့မနက်ပိုင်းမှာတော့
ရေစကြို အနောက်ဘက်က စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၂၅၆) ကို ပြန်ရောက်နေပြီး အနီးအနားကျေးရွာတွေကို စစ်ကြောင်းဆက်ထိုးနေတယ်လို့ ရေစကြို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ရေစကြိုရေလယ်ကျွန်းဒေသ ကျေးရွာတွေကိုလည်း အောက်တိုဘာ ၁၂ ရက်ကနေ အောက်တိုဘာ ၁၇ ရက်အထိ ခြောက်ရက်ဆက် စစ်ကြောင်းထိုးကာ ကျေးရွာ ခုနစ်ရွာက နေအိမ် (၃၄)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ရေလယ်ကျွန်းဒေသထဲ စစ်ကြောင်းထိုးခဲ့မှာလည်း နွယ်နီကျေးရွာက စိတ်ကျန်းမာရေး မကောင်းတဲ့ အသက် ၅၁ နှစ်အရွယ် ဒေါ်သီသီမာနဲ့ မြေစွန်းတော်ရွာသစ်ရွာက ကိုသိန်းဝင်း ဆိုသူတို့နှစ်ဦးကို သတ်ဖြတ်ခဲ့သေးတယ်လို့ ဒေသတွင်း အခြေအနေတွေ ဖော်ပြပေးနေတဲ့ Yesagyo Township Info Committee က ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးချိန်ကနေ စပြီး အောက်တိုဘာ ၁၉ ရက် မနေ့ကအထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့သူ ၄,၁၅၁ ဦးရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း ကွန်ရက် AAPP က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Yesagyo Township Info Committee (ပုံဟောင်း)