အီရတ်က အမေရိကန်တပ်တွေရှိတဲ့ စစ်စခန်းနှစ်ခု ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရ

အောက်တိုဘာ၊ ၂၀

အီရတ်မှာရှိတဲ့ အမေရိကန် စစ်သည်တွေ အခြေစိုက်ရာ စစ်စခန်း နှစ်ခုကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှု ခံခဲ့ရကြောင်း သိရပါတယ်။

အီရတ်မှာ အခြေစိုက် လှုပ်ရှားနေပြီး အီရန်ကို လိုလားတဲ့ စစ်သွေးကြွ အဖွဲ့တွေက အစ္စရေး-ပါလက်စတိုင်း စစ်ပွဲမှာ အမေရိကန်ရဲ့ ကြားဝင် စွက်ဖက်မှုကို တုံ့ပြန် ဒဏ်ခတ်မယ်လို့ ခြိမ်းခြောက် သတိပေးထားတဲ့နောက် အီရတ် အခြေစိုက် အမေရိကန် စစ်သည်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပါတယ်။

အီရတ် အနောက်ပိုင်းမှာ အမေရိကန်နဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေ အခြေစိုက်ရာ အယ်လ်အာဆက် လေတပ်စခန်းမှာ အောက်တိုဘာ ၂၀ မနက် အစောပိုင်းက ဒုံးကျည်နဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး ပေါက်ကွဲသံတွေ ကြားနေခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်တော့ အီရတ် စစ်တပ်က စခန်းတဝိုက်ကို ယာယီ ပိတ်ထားလိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလား ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။

ဒါ့အပြင် ဘဂ္ဂဒက်မြို့တော် နိုင်ငံတကာ လေဆိပ်နားက အမေရိကန် စစ်သည်တွေ ဖြန့်ကျက်ထားရာ နောက်ထပ် စစ်စခန်း တခုကိုလည်း ဒုံးကျည်တွေ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ အီရတ် ရဲတပ်ဖွဲ့က အဲဒီဖြစ်စဉ်မှာ အနည်းအကျဉ်း ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ပြောပေမယ့် အသေးစိတ် အခြေအနေတွေကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

အမည်မဖော်တဲ့ အမေရိကန် လုံခြုံရေး အရာရှိ တဦးကတော့ လေဆိပ်နားက စစ်စခန်းကို ဒုံးကျည်နှစ်စင်း ပစ်ခတ်ခံရပြီး တစင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပေမယ့် နောက်တစင်းက ကုန်လှောင်ရုံ အလွတ်တခုကို ထိမှန်ခဲ့ကြောင်း၊ အသေအပျောက် မရှိဘူးဆိုတာ အတည်ပြုနိုင်ကြောင်း ပြောပါတယ်။

အီရတ်မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန် တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ထားရာ စစ်စခန်း ၄ ခုထိ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့အစည်းတွေ ကျူးလွန်သလဲဆိုတာ စိစစ်နေဆဲပါ။

အမေရိကန် အစိုးရက ဂါဇာ အခြေစိုက် ဟားမားစ် ပြောက်ကျားတပ်ဖွဲ့နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ မဟာမိတ် အစ္စရေးဖက်က အခိုင်အမာ ရပ်တည်မယ်လို့ ကြေညာထားတဲ့နောက် အခုလိုမျိုး အီရတ် အခြေစိုက် စစ်စခန်းတွေ တိုက်ခိုက်ခံလာရတာ ဖြစ်ပါတယ်။

 

Ref: Reuters