စစ်တပ်ထုတ်ကုန်တွေ တင်လာတဲ့ ကုန်ကားကို ထီးလင်း PDF ကဖမ်းပြီး မြန်မာဘီယာတွေကို ဖျက်ဆီး

အောက်တိုဘာ၊ ၁၉
 
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီ-ဂန့်ဂေါ လမ်းပိုင်းတနေရာမှာ စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေ သယ်ယူလာတဲ့ ကုန်ကားတစီးကို ဖမ်းဆီးသတိပေးခဲ့ပြီး မြန်မာဘီယာ (၁၅)ဖာကိုတော့ ဖျက်ဆီးလိုက်တယ်လို့ ဒေသအခြေစိုက် PDFတပ်ရင်းတခုဖြစ်တဲ့ YRA တပ်ဖွဲ့က ပြောပါတယ်။
 
အဲဒီကုန်ကားပေါ်မှာ ဘီယာအပြင် တခြားစစ်ကောင်စီထုတ်ကုန် စားသောက်ကုန်စည်တွေလည်း ပါဝင်လာပေမယ့် ဘီယာတွေကိုပဲ ဖျက်ဆီးလိုက်ပြီး ကျန်တဲ့ကုန်စည်တွေကိုတော့ ပြန်ပေးလိုက်ကာ နောက်ထပ် မသုံးစွဲဖို့ သတိပေးလိုက်တယ်လို့ ယောတော်လှန်ရေးတပ် (YRA)ထီးလင်းရဲ့စစ်ဦးစီးသခင်ဇော်က DNA ကိုပြောပါတယ်။
 
“ စားသောက်ကုန်တွေကတော့ ဖျက်ဆီးရင်လည်း မကောင်းဘူး၊ အလကားဖြစ်မယ်ဆိုတော့ သူတို့ကို သတိပေးပြီး ပြန်ပေးလိုက်ပါတယ် ” လို့ သူကပြောပါတယ်။
 
YRA က လက်ရှိပေါက်ဈေးအရ ကျပ်ခုနစ်သိန်းကျော်ဝန်းကျင် တန်ကြေးရှိမယ့် မြန်မာဘီယာသံဗူး ၁၅ ဖာ လောက်ကို ဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် စစ်တပ်ထုတ်ကုန်တွေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေကို မသုံးစွဲဖို့ လှုပ်ရှားမှုတွေ လူထုကြား ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ပါတယ်။
 
ဒါ့အပြင် တာ်လှန်ရေးအင်အားစုတွေ အားကောင်းဒေသတွေမှာလည်း စစ်တပ်ထုတ်ကုန်တွေ မသုံးဖို့၊ သယ်ယူရောင်းချတာ မလုပ်ဖို့ သတိပေးတားမြစ်တာတွေ ရှိသလို အခုလို ဖျက်ဆီးပစ်တာမျိုးတွေလည်း ရှိနေတာပါ။
 
“ ကျွန်တော်တို့ တားမြစ်ထားတာ ကြာပြီ၊ အကြိမ်ကြိမ်လည်း ထုတ်ပြန်သတိပေးပြီးပြီ၊ အသေးအဖွဲ စားသောက်ကုန်လေးတွေ ကျွန်တော်တို့မ ပြောလိုဘူး။ ယမကာတို့၊ ဘိလပ်မြေတို့လို စစ်ကောင်စီထုတ်ပစ္စည်းတွေကို မသုံးစွဲတာဟာ တော်လှန်ရေးကို အားပေးကူညီ​တာပါပဲ ” လို့ YRA စစ်ဦးစီး သခင်ဇော်က ပြောပါတယ်။
 
ဂန့်ဂေါမြို့ဟာ ခ.လ.ရ (၅၀) အထိုင်တပ်ရှိတဲ့ မြို့ဖြစ်တာကြောင့် စစ်တပ်ထုတ်ကုန်ပစ္စည်းတွေကို အခွင့်အရေးရလိုမှု ဒါမှမဟုတ် ဖိအားပေးခံရမှုတို့ကြောင့် သယ်ယူရောင်းဝယ်နေကြတာ ဖြစ်နိုင်သလို အမြတ်အစွန်းများများရလို့ သယ်တာလည်း ဖြစ်နိုင်တယ်လို့ သူကသုံးသပ်ပါတယ်။
 
ဂန့်ဂေါဒေသခံ ကုန်သည်တဦးကတော့ မြန်မာဘီယာဗူးတွေဟာ သယ်ယူစရိတ်အပါအဝင် တဗူး ကျပ်နှစ်ထောင်လောက်ကျသင့်ပြီး ဒေသတွင်းမှာ တဗူး ၃၅၀၀ လောက်အထိ ပေါက်ဈေးရှိတာကြောင့် အမြတ်များလို့ သယ်ယူရောင်းဝယ်ကြတာလို့ ပြောပါတယ်။
 
လက်ရှိ ဂန့်ဂေါမြို့ပေါ်မှာ စစ်ကောင်စီထုတ် မြန်မာဘီယာ၊ ဒဂုံဘီယာတွေကို အရက်ဘီယာဆိုင်တွေမှာ တရားမဝင် တင်ရောင်းကြတာတွေ ရှိသသလို စစ်သားတွေ၊ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအပြင် ဒေသခံ အရပ်သားတချို့လည်း ဝယ်သောက်နေကြတယ်လို့ ဆိုပါတယ်။
 
“ ဂန့်ဂေါမြို့ပေါ်က စစ်တပ်က အုပ်စီးထားတော့ ဘာမှ မလုပ်နိုင်ဘူး၊ ဘာမှ မလုပ်နိုင်ပေမယ့် စစ်တပ်ထုတ် ဘီယာတွေ၊ အရက်တွေကိုတော့ မသောက်ကြဖို့ ပြည်သူတွေအပေါ်မှာ မူတည်တာ၊ မသောက်ကြရင် သယ်တဲ့လူကလည်း မသယ်တော့ဘူး ” လို့ ဂန့်ဂေါဒေသခံတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – YRA