ပေါက်မှာ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ သုံးရက်ဆက် စစ်ဘေးရှောင်နေရ

အောက်တိုဘာ၊ ၁၉
 
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက်ကစပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ ဘေးလွတ်ရာကို သုံးရက်ဆက်တိုက် စစ်ဘေးရှောင်နေရတယ်လို့ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။
 
“ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ ရှောင်ရတာ။ အခက်အခဲကတော့ ရှိတာပေါ့။ ဒီလိုပဲ စုပေါင်းဖြေရှင်းရတာပေါ့ “ လို့ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။
 
အဲဒီစစ်ကြောင်းကြောင့် ဓာတ်တော်၊ ကျွန်းတိုင်း၊ ညောင်ရင်း၊ စသိန်း၊ ခဲပင်အင်း၊ အောင်စည်သာ၊ မင်းကိုင်း၊ ကျောညာနဲ့ ဇောင်းယားပင် အပါအဝင် အနီးအနားကျေးရွာက ဒေသခံထောင်ချီ ဘေးလွတ်ရာ တိမ်းရှောင်နေရတာပါ။
 
အဲဒီစစ်ရှောင်တွေဟာ လတ်တလော နေထိုင်ဖို့ အမိုးအကာနဲ့ စားရေးသောက်ရေးအတွက် ရိက္ခာ အခက်အခဲရှိတယ်လို့လည်း အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က အင်အား နှစ်ရာဝန်းကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာ ကနေ ခဲပင်အင်း ရွာကို စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ရှောင်တိမ်းခဲ့ရတာပါ။
 
အဲဒီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ခဲပင်အင်း ရွာအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖက်က နှစ်ဦးသေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပေမယ့် DNA အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
ဒါ့အပြင် အောက်တိုဘာ ၁၈ ရက် မနေ့ကလည်း ခဲပင်းရွာ၊ ညောင်ရင်းရွာနဲ့ ဇီးပြားကျေးရွာ တို့အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား နှစ်ဖက်တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ပေမယ့် စစ်ကောင်စီတပ် အကျအဆုံး မသိရပါဘူး။
 
တိုက်ခိုက်မှုကို မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူ ပြောက်ကျားတပ်ဖွဲ့နဲ့ အခြားပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်ကတည်းက ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) ကထွက်လာတဲ့ စစ်ကြောင်းဖြစ်ပါတယ်။
 
လက်ရှိ အောက်တိုဘာလ ၁၉ ရက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ဇီးပြားရွာရဲစခန်းမှာ တပ်စွဲနေပြီး တိုက်ပွဲဖြစ်နိုင်ခြေရှိတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောဆိုအသိပေးထားပါတယ်။
 
ဓာတ်ပုံ​- CJ (ပုံဟောာင်း)
ပုံစာ – မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီအတွင်း တွေ့ရစဥ်။