မြေပုံမှာ စစ်ကောင်စီတပ်က လိုင်းကားတွေကို ချောဆွဲ

အောက်တိုဘာ၊ ၁၉
 
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေဟာ လိုင်းပြေးဆွဲနေတဲ့ ဒေသခံကားသမားတွေဆီကနေ နေ့စဉ်နီးပါး ကားတွေကို အခကြေးငွေ မပေးဘဲ ချောဆွဲ အသုံးပြုနေလို့ အခက်အခဲဖြစ်နေကြရတယ်လို့ ကားပိုင်ရှင်တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။
 
” တရက်မှာ တစီးယူတဲ့နေ့ ယူတယ်။ နှစ်စီးယူတဲ့အခါလည်း ယူတယ်။ တနေကုန်ယူထားကြတာ။ တခါတလေဆိုရင် ကားပါ မောင်းပို့ပေးရတယ်။ ပိုက်ဆံလည်း မပေးဘူး။ ဆီတော့ နည်းနည်း ထည့်ပေးတယ် ” လို့ အမည်မဖော်လိုသူ မြေပုံဒေသခံတဦးက DNAကို ပြောပါတယ်။
 
မြေပုံ-မင်းပြား အပါအဝင် မြို့တွင်း၊ နယ်ဝေး ပြေးဆွဲနေတဲ့ Light truck ကားတွေကို ချောဆွဲနေတာဖြစ်ပြီး အဲဒီလိုယူလာခဲ့ကြတာ နှစ်လလောက်ရှိပြီဖြစ်ကာ အခုရက်ပိုင်းမှာ ပိုများလာတယ်လို့ ဆိုကြပါတယ်။
 
မြေပုံမြို့ပေါ် ရဲစခန်းမှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီလို ကားတွေကို ချောဆွဲကာ စစ်ကြောင်းပြောင်းရွေ့တာ၊ ရိက္ခာသယ်တာ၊ အပျော်ခရီးထွက်တာတို့ လုပ်နေကြတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေက ပြောကြပါတယ်။
 
” ဥပုဒ်နေ့တွေဆိုရင် သူတို့တပ်က ဗိုလ်ကြီးတွေ ဘုန်းကြီးကျောင်းသွားတယ်။ အငူ (ကမ်းခြေ)ကို သွားတယ်။ အဲဒီလို သွားဖို့ ယူကြတာ။ မတရားအနိုင်ကျင့်နေတာ။ ကားမောင်းစားနေတဲ့သူတွေမှာ ကားမဆွဲရရင် အခက်အခဲဖြစ်တာပေါ့။ ဒါပေမယ့် ဘာမှ မပြောရဲဘူးလေ ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ ခလရ (၉၃)တပ်ရင်းမှ ဗိုလ်ကြီးအောင်ခိုင်မော် ဆိုသူဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက ကားတွေကို ချောဆွဲနေတာဖြစ်ပြီး ကားသမားတွေအနေနဲ့ သူတို့ရဲ့ကားတွေကို စစ်ကောင်စီတပ်သားတွေဆီ အလှည့်ကျ သွားထားပေးကြရတယ်လို့ ဆိုပါတယ်။
 
ရခိုင်မှာ တိုက်ပွဲတွေ မရှိပေမယ့် အာဏာသိမ်းစစ်ကောင်စီ တပ်သားတွေကတော့ မြို့တွင်းရဲစခန်း၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ စတဲ့နေရာတွေမှာ စခန်းချနေထိုင်ကြဆဲဖြစ်ပြီး မြို့တွင်း ကင်းလှည့်စစ်ဆေးတာ၊ ညဥ့်အချိန် ဧည့်စာရင်း ဝင်စစ်တာ၊ ခရီးသွားတွေကို စစ်ဆေးတာတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မိုးရာသီတုန်းကဆိုရင် ရခိုင်မြောက်ပိုင်း မြို့နယ်အားလုံးနီးပါးမှာ မြို့တွင်း နှစ်ဘီးဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်၊ တုတ်တုတ်၊ သုံးဘီးနဲ့ ကားတွေကို လိုင်စင်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီး သိမ်းယူတာတွေ ရှိခဲ့ပြီး ပြန်မပေးကြဘူးလို့ ပြောကြပါတယ်။
 
” ကားတွေကိုကျတော့ ပိုက်ဆံ သိန်းချီတောင်းပြီး ပြန်ပေးတယ်။ ဘေးတွဲတွေ၊ ဆိုင်ကယ်တွေကျတော့ ပြန်မပေးတော့ဘူး။ ရာချီရှိတယ် အဲလို အသိမ်းခံကြရတာ။ ကျွန်တော့်မှာဆို အခုထိ ပြန်မရဘူး။ စစ်တပ်ထဲ သွင်းယူသွားတာ ” လို့ အဲဒီအချိန်က ဘေးတွဲဆိုင်ကယ် သိမ်းယူခံခဲ့ရတဲ့ ပုဏ္ဏာကျွန်း ဒေသခံတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – နိဉ္ဇရာသတင်းဌာန (ပုံဟောင်း)
ပုံစာ – ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အငှားယာဥ်ဂိတ်တခုကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က တွေ့ရစဥ်။