ဟားမားစ်တွေရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ထိုင်းတွေရဲ့ အလောင်းတွေ ပြန်သယ်မယ်လို့ ထိုင်းအစိုးရ အတည်ပြု

အောက်တိုဘာ ၊ ၁၉

ဟားမားစ်တွေက အစ္စရေးကို ကျူးကျော် တိုက်ခိုက်မှုအတွင်း အစ္စရေး ပိုင်နက်ထဲမှာ သေဆုံးခဲ့တဲ့ ထိုင်းအလုပ်သမားတချို့ရဲ့ ရုပ်အလောင်းတွေကို ဇာတိနိုင်ငံဆီ ပြန်လည် သယ်ယူလာမယ်လို့ ထိုင်းအစိုးရက အတည်ပြုခဲ့ပါတယ်။

အစ္စရေးမှာ သေမှုသေခင်း စစ်ဆေးမှုတွေ ပြုလုပ်ပြီးဖြစ်တဲ့ ထိုင်းအလုပ်သမား ၈ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည် သယ်ယူဖို့ ခွင့်ပြုကြောင်း တဲလ်အဗစ်ဗ်မြို့မှာရှိတဲ့ ထိုင်းသံရုံးကို အစ္စရေးက ဆက်သွယ်လာခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ရုပ်အလောင်းတွေဟာ အောက်တိုဘာ ၂၀ မှာ ထိုင်းနိုင်ငံကို လေကြောင်းကနေ ပြန်လည် ရောက်ရှိလာနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြှောင် ဒေသကနေ ဟားမားစ် စစ်သွေးကြွတွေက အစ္စရေးပိုင်နက်ဖက် အလစ်အငိုက် ကျူးကျော်ပြီး အရပ်သားတွေကို သတ်ဖြတ်ခဲ့တာကြောင့် လူ ၁၄၀၀ ဝန်းကျင်လောက် သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ ဂါဇာနဲ့ နယ်စပ်နားက စိုက်ပျိုးရေး ခြံတွေမှာ အလုပ်လုပ်နေတဲ့ ထိုင်းအလုပ်သမား ၂၁ ဦးလောက် ပါဝင်ပြီး နောက်ထပ် ၁၄ ဦးလောက်က ဟားမားစ်တွေရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းကို ခံထားရကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အစ္စရေး အယ်လ်အယ်လ် လေကြောင်းလိုင်းရဲ့ လေယာဉ်ဟာ ရုပ်အလောင်းတွေပါတဲ့ ခေါင်းတလားတွေကို သယ်ဆောင်ပြီး အောက်တိုဘာ ၁၉ ရက် ညပိုင်းမှာ အရှေ့အလယ်ပိုင်း ဒေသကနေ စတင် ပျံသန်း ထွက်ခွာလာမှာပါ။ လေယာဉ်ဟာ အောက်တိုဘာ ၂၀ မနက်၊ ဒေသစံတော်ချိန် ၉ နာရီ ဝန်းကျင်လောက်မှာ သုဝဏ္ဏဘူမိ လေဆိပ်ကို ဆိုက်ရောက်လာမယ်လို့ သိရပါတယ်။ ထိုင်းအစိုးရက အစ္စရေး-ဟားမားစ် ပဋိပက္ခအတွင်း သေဆုံးခဲ့ပြီး နေရပ်နိုင်ငံဆီ ပြန်လည် သယ်ယူလာမယ့် ထိုင်းနိုင်ငံသား ၈ ဦးရဲ့ နာမည်တွေကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ဂါဇာနဲ့ နယ်စပ်က အစ္စရေး မြို့ရွာတွေမှာရှိတဲ့ ဘုံစိုက်ပျိုးရေး လုပ်ငန်းတွေမှာ ထိုင်းအပါအဝင် အရှေ့တောင်အာရှနဲ့ အာရှတောင်ပိုင်း နိုင်ငံတွေက အလုပ်သမားတွေ သွားရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။ စာရင်းတွေအရ ဂါဇာတဝိုက်က အစ္စရေး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသား ၅၀၀၀ ကျော်လောက်ထိ များပြားနိုင်ကြောင်း သိရပါတယ်။