ဂါဇာကို ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်နိုင်တော့မယ်လို့ ဘိုင်ဒန် အတည်ပြု

အောက်တိုဘာ ၊ ၁၉

စစ်ဖြစ်နေတဲ့ ကာလအတွင်း အစ္စရေးကို သွားရောက်ခဲ့တဲ့နောက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဂါဇာကမ်းမြှောင် ဒေသဆီ ထောက်ပံ့ရေး ပစ္စည်းတွေ တင်ပို့နိုင်ဖို့ အစ္စရေးနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

အစောပိုင်းက အစ္စရေးဟာ ဂါဇာကို ဘက်ပေါင်းစုံကနေ ဝန်းရံ ပိတ်ဆို့ထားပြီး အီဂျစ်နိုင်ငံကနေ ထောက်ပံ့ရေး ပစ္စည်းတွေ တင်ပို့ရင်လည်း ကြားဖြတ် ဟန့်တားရလိမ့်မယ်လို့ တင်းတင်းမာမာ သတိပေးထားပါတယ်။ အောက်တိုဘာ ၁၈ ရက်မှာတော့ ဘိုင်ဒန်ဟာ အစ္စရေးကို ၇ နာရီခွဲသာ ကြာမြင့်တဲ့ ခရီးစဉ် ရောက်ရှိခဲ့ပြီး အစ္စရေး အစိုးရ အနေနဲ့ အီဂျစ်ဖက်ကနေ အထောက်အပံ့တွေ ဂါဇာကို တင်ပို့ရေးကိစ္စ လက်ခံပေးဖို့ ဖျောင်းဖျနိုင်ခဲ့ပါတယ်။

လောလောဆယ် ဂါဇာနဲ့ အီဂျစ်နယ်စပ်မှာ စုပုံနေတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေဟာ အစောဆုံး အောက်တိုဘာ ၂၀ လောက်မှာ ဂါဇာကို အကန့်အသတ်နဲ့ စတင် ဝင်ရောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဘိုင်ဒန်က ပြောပါတယ်။

ဘိုင်ဒန်က အစ္စရေးဟာ ဟားမားစ်တွေရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်တွေ မွှန်ထူမသွားဘဲ လုပ်သင့် လုပ်ထိုက်တာကို လုပ်ဖို့လိုကြောင်းလည်း ပြောပါတယ်။ ဟားမားစ်တွေက အောက်တိုဘာ ၇ ရက်မှာ အစ္စရေး နယ်စပ်ကို ဖြတ်ကျော်ပြီး အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ရာကနေ ဂါဇာမှာ စစ်ပွဲကြီး စတင်လာခဲ့တာပါ။

ဘိုင်ဒန်က သူဟာ အစ္စရေး အစိုးရကို အလွန်အကျွံ လွန်ကဲတဲ့ တုံ့ပြန်မှုတွေကနေ နောက်ပြန်ဆုတ်ဖို့ နားချခဲ့ပေမယ့် ဟားမားစ်တွေရဲ့ ကျူးလွန်မှုကြောင့် အစ္စရေးနဲ့ ဂါဇာမှာ ဘယ်လောက် ဆိုးရွားတဲ့ အနိဋ္ဌာရုံတွေ ဖြစ်ခဲ့သလဲ ဆိုတာကိုတော့ တကမ္ဘာလုံးက လက်တွေ့ကျကျ ရှုမြင်ကြဖို့လိုကြောင်း မှတ်ချက် ပေးသွားပါတယ်။

သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ဘိုင်ဒန်က အီဂျစ်နဲ့ အမေရိကန်ဟာ ဂါဇာကို ထောက်ပံ့ရေး ပစ္စည်းတွေ တင်ပို့ရေးကိစ္စ ဆွေးနွေး သဘောတူထားတဲ့တိုင် ဂါဇာပိုင်နက်ထဲကို ပထမအသုတ် ပစ္စည်းတွေ တင်ပို့နိုင်ရေးအတွက် နာရီပေါင်း အတော်များများ အချိန်ယူ ပြင်ဆင်ရဦးမယ်လို့ ပြောကြားသွားပါတယ်။

နောက်ပြီး အဲဒီ အထောက်အပံ့တွေဟာ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း ပြည်သူတွေ အတွက်သာဖြစ်ကြောင်း၊ ဟားမားစ်တွေက ကြားဖြတ် သိမ်းယူတယ်ဆိုတာ သတင်းရတာနဲ့ အစီအစဉ်လည်း ပျက်သွားမှာဖြစ်ကြောင်း ဘိုင်ဒန်က လေးလေးနက်နက် သတိပေးသွားခဲ့ပါတယ်။

ဘိုင်ဒန်ဟာ အစ္စရေး-ဟားမားစ် ပဋိပက္ခကို ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း စစ်ပွဲကြီး အဆင့်ထိ ရောက်ရှိမသွားအောင် တားဆီးဖို့ ဖိအားတွေ ကြုံလာရတဲ့နောက် စစ်မက်ဖြစ်ပွားနေချိန် အတောအတွင်း အစ္စရေးကို ကိုယ်တိုင် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။