နတ်တလင်းမှာ ဆင်ဝိုင်းက ဆင်တွေနဲ့ အရပ်သားတွေကို စစ်ကောင်စီက ဒိုင်းကာအဖြစ်အသုံးပြုတယ်လို့ဆို

အောက်တိုဘာ၊  ၁၈

 ပဲခူးတိုင်း နတ်တလင်းမြို့နယ် အရှေ့ဘက် တောင်ညိုဆည်အနီး ညံလယ်ဆင်ဝိုင်းကဆင်တွေနဲ့ ဝန်ထမ်းတွေ အပါ အဝင်ဒေသခံတွေကို ဒိုင်းကာအဖြစ်အသုံးပြုပြီးစစ်ကြောင်းထိုးခဲ့တာကြောင့် တိုက်ခိုက်ဖို့ အခက်ကြုံခဲ့ရတယ်လို့ ဒေသ အခြေစိုက်PDF တပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်မိုးကြိုးက  DNAကို ပြောပါတယ်။

 ပြည်သူများဒိုင်းကာအဖြစ် ပါမနေဘူးဆိုရင် စခတွေကိုအပြတ်ခြေမှုန်းလို့ရတဲ့အခြေအနေပါ”လို့သူက ပြောပါ တယ်။

 စစ်ကောင်စီစစ်ကြောင်းဟာ ညံလယ်ရွာအနီးမှာရှိတဲ့ဆင်ဝိုင်းက ဆင်(၁၈)ကောင်နဲ့ ဆင်ဝိုင်းဝန်ထမ်းတွေ အပါ အဝင် ဒေသခံလူဦးရေတရာလောက်ကို ဒိုင်းကာအဖြစ် အသုံးပြုခဲ့တာလို့ သာယာဝတီ ခရိုင်PDF တပ်ရင်း၃၈၀၁ Phoenix D F တပ်ခွဲ(၂)ကထုတ်ပြန်ထားပါတယ်။

 အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာနတ်တလင်းမြို့နယ်အရှေ့ဘက် တောင်ညိုဆည်အောက်ခြေမှာရှိတဲ့ မကျီးပင်၊ ဆင်သေစတဲ့ရွာတွေဘက်ကနေ ညံလယ်ရွာနဲ့ဆင်ဝိုင်းတွေရှိရာဘက်ကိုစစ်ကြောင်းထိုးခဲ့တာလို့သိရပါတယ်။

 အဲ့ဒီစစ်ကြောင်းကိုအောက်တိုဘာ ၁၅ရက်မှာ စနိုက်ပါနဲ့တိုက်ခိုက်ခဲ့သလို မနေ့ကမနက်ပိုင်းကလည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် ဒေသခံတွေနဲ့ဆင်တွေကိုဒိုင်းကာ အဖြစ်သုံးခဲ့တာ လို့ဆိုပါတယ်။

“ပြည်သူတွေနဲ့ဒိုင်းကာအဖြစ်သုံးတော့ တိုက်ခိုက်မှုအပိုင်းမှာစဥ်းစားရတာပေါ့၊ဖြစ်သင့်မဖြစ်သင့်ပေါ့၊ အဲ့တော့ မိုင်းထပ်မဆွဲပဲ Sniperနဲ့ပဲ ချောင်းမြောင်းတိုက်ခိုက်ပြီးရွေးချယ်ပြီးတော့ပဲတိုက်ခိုက်ရတာ” လို့ Phoenix D F တပ်ခွဲ(၂) တာဝန်ရှိသူဗိုလ်မိုးကြိုးက ပြောပါတယ်။

 ဒါပေမယ့် ညံလယ်ဆင်ဝိုင်းကနေ ဆင်တွေနဲ့ အရပ်သားတွေကို ဒိုင်းကားအဖြစ်သုံးပြီး ဆက်ထွက်လာတဲ့ စစ် ကောင်စီစစ်ကြောင်းကို စမ်းကြီးရွာအရောက်မှာတော့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ဆင်တွေနဲ့  ဆင်ဝိုင်းမိ သားစုဝင်တွေ ထိခိုက်ဒဏ်ရာရတာရှိနိုင်တယ်လို့ အဲ့ဒီတပ်ဖွဲ့ရဲ့ထုတ် ပြန် ချက်မှာဖော်ပြထားပါတယ်။

“ဆင်တွေ လူတွေကို ဘေးကထားပြီးလာတဲ့ အချိန်မှာ ကျွန်တော်တို့က မျက်မြင်အဖြစ်လက်နက်ပါမပါကြည့်ပြီးပဲ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ”လို့ ဗိုလ်မိုးကြိုးက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအပြီးမှာတော့ ဒိုင်းကာအဖြစ် အသုံးပြုခံထားရတဲ့ အရပ်သားတွေနဲ့ဆင်တွေကို ထိခိုက်မှာ စိုး တာကြောင့် နောက်ထပ် တိုက်ခိုက်မှုထပ်မလုပ်တော့ဘဲ ပြန်ဆုတ်ခွာခဲ့ကြတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ ၁၅ရက်နဲ့ မနေ့က တိုက်ခိုက်မှုတွေအတွင်း စနိုက်ပါနဲ့ပစ်တာ မိုင်းဆွဲ တာတွေကြောင့် ခုနစ်ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိနိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ အထိအခိုက်မရှိဘူး လို့ Phoenix D F တပ်ခွဲ(၂)ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေ၊အရပ်သားတွေနဲ့ဆင်တွေ ဒိုင်းကာအဖြစ် အသုံး ပြုခံရတယ်ဆိုတဲ့အခြေအနေတွေကိုတော့ DNA အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Phoenix D F တပ်ခွဲ(၂) တာဝန်ရှိသူ ဗိုလ်မိုးကြိုးကတော့ စစ်ကောင်စီတပ်ဟာ ဒိုင်းကာအဖြစ်အသုံးပြုခဲ့တဲ့ ဆင် တွေနဲ့ အရပ်သားတွေကိုဒီကနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေက အရပ်သားတွေကို အခုလို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုတာတွေရှိတာကြောင့် ပြည်သူတွေ အနေနဲ့ စစ်ကောင်စီတပ်တွေအနီးမှာနေထိုင်တာ၊စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူခရီးသွားတာတွေမလုပ်ကြဖို့ Phoenix D F တပ်ခွဲ(၂)က တိုက်တွန်းထားပါတယ်။