ကုလရဲ့ လူသားချင်းစာနာမှု အကူအညီတွေ စစ်ကောင်စီကတဆင့်ပေးမယ့်အပေါ် အရပ်ဘက်အဖွဲ့တွေဝေဖန်

အောက်တိုဘာ ၊ ၁၈

စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်မယ့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ရုံး(UNOCHA) ရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဥ်ဟာ ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ တနင်္သာရီတိုင်းထဲက အ ရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဝေဖန်ကြပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာတာက စကစရဲ့ လက်ချက်နဲ့ပဲ ဖြစ်လာခဲ့တယ်၊အဲဒီဟာကိုမှ အဲဒီအဖွဲ့နဲ့ ပေါင်းပြီး သွားလုပ်နေခြင်းသည် ထောက်ပံ့ငွေကြေးတွေ မြေပြင်ကို ရာနှုန်းပြည့်ရောက်မှာမဟုတ်ဘူး”လို့ CNC-Tanintharyi ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနေမိုးအောင်က DNA ကို ပြောပါတယ်။

CNC-Tanintharyi (CSO Nexus Consortium-Tanintharyi)ဟာ တနင်္သာရီတိုင်းထဲက အရပ်ဘက်အဖွဲ့အစည်း ၁၁ဖွဲ့ ပူးပေါင်းထားတဲ့ အစုအဖွဲ့တခုဖြစ်ပါတယ်။

UNOCHA က မြန်မာပြည်တွင်း လူသားချင်းစာနာမှု ကူညီပေးရေး လုပ်ဆောင်ဖို့အတွက် AHCT (Area of Humanitarian Country Team) အစီအစဥ် စတင်ဖို့ ကြိုးပမ်းနေပါတယ်။

အဲ့ဒီအစီအစဥ်မှာ နိုင်ငံအဆင့်ဇုန်၊ တောင်ပိုင်းဇုန်၊ အရှေ့မြောက်ပိုင်းဇုန်၊ အရှေ့တောင်ပိုင်းဇုန်၊ ရခိုင်ပြည်နယ် ဇုန် ဆိုပြီး ငါးနေရာခွဲကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းတွေ ဆောက်ရွက်မယ်လို့ သိရ ပါတယ်။

တောင်ပိုင်းဇုန်မှာတော့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့ ပါဝင်ပါတယ်။ဒီအစီအစဉ် မြန်မာနိုင်ငံ တောင်ပိုင်း အခြေစိုက် အရပ်ဘက်အဖွဲ့တွေဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ချက်လက်ခံရရှိထားပေမယ့် ပါဝင်မှာမဟုတ်ဘူးလို့ CNC-Tanintharyiက အခုလ ၁၅ရက်မှာထုတ်ပြန်ထားပါတယ်။

“UNOCHA ရဲ့ လူသားချင်းစာနာထောက်ထားမှုကိစ္စတွေက စကစရဲ့ ချန်နယ်(လမ်းကြောင်း) တွေက ဝင်လာ တာဖြစ် တဲ့အတွက် ထိရောက်မှာမဟုတ်ဘူး” လို့ CNC-Tanintharyi ရဲ့ ပြောရေးဆိုခွင့်ရှိသူကိုနေမိုးအောင်က ထပ် ပြောပါတယ်။

UNOCHA ရဲ့ လက်ထောက်အတွင်းရေးမှူးချုပ် Martin Griffiths ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်က အာဏာ သိမ်းစစ်ခေါင်းဆောင်ကို နေပြည်တော်မှာ သွားရောက်တွေ့ဆုံပြီး လူသားချင်းစာနာမှု အကူအညီပေးရေး အစီ အ စဥ်တွေအတွက် ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီခရီးစဉ်နဲ့ပတ်သက်လို့ UNOCHA လက်ထောက်အတွင်းရေးမှူးချုပ်အပေါ် ပြည်တွင်းနဲ့ပြည်ပကဝေဖန် မှုတွေရှိ ခဲ့သလို ကုလသမဂ္ဂရဲ့လူသားချင်စာနာမှုဆိုင်ရာအကူအညီတွေကို စစ်ကောင်စီကတဆင့်မပေးဖို့ တော်လှန်ရေး အင်အားစုတွေနဲ့အရပ်ဘက်အဖွဲ့တွေကတောင်းဆိုတိုက်တွန်းတာတွေလည်းရှိနေပါတယ်။

စစ်ကောင်စီတပ်ဟာ လူသားချင်းစာနာမှု အကူအညီတွေကို လက်နက်သဖွယ်အသုံးချနေတာကြောင့်ကုလရဲ့ အ ကူအညီတွေကို စစ်ကောင်စီကတဆင့်မပေးသင့်ဘဲ မြေပြင်ကအကူအညီလိုအပ်နေသူတွေဆီလက်တွေ့ ရောက် နိုင်မယ့်နည်းလမ်းတွေအသုံးပြုသင့်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလအစည်းအဝေးတွေမှာ  အကြိမ် ကြိမ်တိုက်တွန်းထားပါတယ်။

 “စစ်တပ်လမ်းကြောင်းနဲ့ပဲ သွားသွား၊ အရပ်ဘက်အဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့လမ်းကြောင်းနဲ့ပဲ သွား သွား၊လိုအပ်နေတဲ့အကူညီတွေရရင်ရပြီဆိုပြီး အပေါ်ယံတွေးရင်တော့ ရတာပေါ့၊ဒါပေမယ့် တကယ်လက်တွေ့မှာ က အဲလောက်မရိုးရှင်းဘူး”လို့ တနင်္သာရီတိုင်းအခြေစိုက် စစ်ဘေးရှောင်ကူညီရေးအဖွဲ့တခုဖြစ်တဲ့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူ ကိုယောနသံက ပြောပါတယ်။

လက်ရှိလက်နက်ကိုင်ပဋိပက္ခတွေကြား ပြေးလွှားတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကို မြေပြင်မှာထိတွေ့ ကူ ညီနေရတာဟာ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အသည်းတွေသာဖြစ်ပြီး စစ်ကောင်စီနဲ့ ပတ်သက် တဲ့အဖွဲ့အစည်းတွေအနေနဲ့ အဲ့ဒီလိုကူညီပေးနိုင်တဲ့အခြေအနေမရှိဘူးလို့လည်းသူကပြောပါတယ်။

UNOCHA ရဲ့ အခုလို လုပ်ရပ်တွေဟာ လူသားချင်းစာနာကူညီမှုဆိုင်ရာ အကျပ်အတည်းကို လျော့ပါးလာစေ မယ့် အစား စစ်တပ်ကို အသိမှတ်ပြုရာ၊ ထောက်ခံအားပေးရာရောက်တာကြောင့် ပြည်သူတွေအပေါ် ရက်စက်ကြမ်း ကြုတ်မှုတွေ ပိုလုပ်လာမှာကို စိုးရိမ်တယ်လို့ CNC-Tanintharyi ကဆိုပါတယ်။

ဒါ့အပြင် သံတမန်ရေးရာအရ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုမှုရဖို့ ကြိုးပမ်းနေတဲ့ စစ်တပ် အ တွက် UNOCHA ရဲ့ လုပ်ဆောင်ချက်တွေက အထောက်အပံ့ဖြစ်စေတယ်လို့လည်း ဝေဖန်ထားပါတယ်။

“ဒုက္ခရောက်နေသူတွေကို အမှန်တကယ် ကူညီဖို့ဆိုရင် UNOCHA အနေနဲ့ Border Cross(နယ်စပ်)ကနေပြီးတော့ နယ်စပ်မှာအခြေစိုက်ထားတဲ့ အဖွဲ့တွေကတဆင့် မြေပြင်ကို တိုက်ရိုက်ထိရောက်အောင် လုပ်နိုင်တဲ့ နည်းလမ်း တွေ ရှိပါတယ်” လို့ ကိုနေမိုးအောင်က ပြောပါတယ်။

UNOCHA ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေအရစစ်ရေး၊ နိုင်ငံရေး ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူ နှစ်သန်း နီးပါး ရှိတယ် လို့ သိရပါတယ်။